Saturday, December 15, 2012

အဆုံးသတ်ပေးပါ .....

တော်ကြပါတော့
တိုက်နေကြတဲ့ စစ်တွေ ...။

တော်ကြပါတော့
ထားရှိနေတဲ့ အမုန်းတရားတွေ ...။

တော်ကြပါတော့
လွဲမှားနေတဲ့ နားလည်မှုတွေ ...။

တော်ကြပါတော့
ကြားခံနေတဲ့ တွေဝေခြင်းတွေ ...။

တော်ကြပါတော့
ကြီးမားနေတဲ့ အာဃာတတွေ ...။

တော်ကြပါတော့
မဆုံးနိုင်တဲ့ တုန့်ပြန်မှုတွေ ...။

တော်ကြပါတော့
ထောင်လွှားနေတဲ့ မာန်မာနတွေ ...။

တော်ကြပါတော့
ပြသနေတဲ့ အာဏာကြီးမှုတွေ ...။

တော်ကြပါတော့
ကြွားဝါနေတဲ့ မရှိခြင်းတွေ ...။

တော်ကြပါတော့ ...။
တော်ကြပါတော့ ...။
တော်ကြပါတော့ ...။

တချက်လေး နားစွင့်ကြည့်ပါ
မိဘမဲ့သွားတဲ့ ကလေးတွေရဲ့ ငိုကြွေးသံ ...။

တချက်လေး နားစွင့်ကြည့်ပါ
သားသမီးမဲ့သွားတဲ့ မိဘတွေရဲ့ ငိုရှိုက်သံ ...။

တခဏလေး ခံစားကြည့်ပါ
ဓါးစားခံ ဘ၀လေးတွေရဲ့ နာကြင်ငိုညည်းသံ ...။

တခဏလေး ခံစားကြည့်ပါ
မြေစာပင်လေးတွေရဲ့ အနင်းခံ ဘ၀ဒဏ် ...။

တချက်လေးပဲ တွေးကြည့်ပေးပါ
ကိုယ်သာ
သူတို့နေရာ
တခဏတာ ...။

ဘာအတွက် ရန်တွေဖြစ်ကြသလဲ
ဘာအတွက် နားလည်မှုတွေလွဲကြသလဲ
ဘာအတွက် မျက်ရည်ကျငိုကြွေးကြရသလဲ ...။

တချို့တွေအတွက်ကတော့
တိုတောင်းလွန်းတဲ့ လူ့ဘ၀ခဏတာဆိုတာကိုပဲ
ခက်ခဲပင်ပန်းလွန်းစွာ
မချိမဆန့်လွန်းစွာ
နာကြင်နုံးခွေလွန်းစွာ ...။

ကျေးဇူးပြုပြီး
နှလုံးသားနဲ့ ခံစား
မတရားမှုတွေကို အဆုံးသတ်ပေးပါ ...။

Saturday, October 27, 2012

မျောက်ချောကုန်း၊ ကွင်းကလေး နှင့် ပန်းညိုကွင်း ပရဟိတ ကျောင်းများမှ ကလေးများအတွက် ဘုရားဖူး ဗဟုသုတခရီးတို အစီစဉ်

မနေ့က (26-10-12) ကြယ်ငါးကောက်သူများအဖွဲ့ကို ဆက်သွယ်ပြီး သူငယ်ချင်း အစ်မ တယောက် သူ့မွေးနေ့မှာ ကလေးတွေအတွက် အာဟာရဒါနပြုချင်တဲ့အကြောင်း အကြောင်းကြားရင်း သတင်းမေးဖြစ်ပါတယ် .. အစ်မရဲ့ စိတ်ကူးက ကလေးတွေ စားနေကျထမင်းဟင်းမျိုးမဟုတ်ပဲ ဒံပေါက်လို ထောပတ်ထမင်းလိုမျိုး စားနေကျမဟုတ်တဲ့ အစာ ပြီးတော့ ရေခဲမုန့် ကိတ်မုန့်လေးပါကျွေးချင်တာပါ ..

မျောက်ချောကုန်းဆိုတဲ့နေရာလေးက ဟိုးအစပိုင်းမှာ တော်တော်လေး ခက်ခက်ခဲခဲ ရပ်တည်ခဲ့ရပြီး  ခုနေတော့ တော်တော်လေး ချောင်လည်ခဲ့ပြီလို့ ပြောလို့ရပေမယ့် ဖြည့်ဆည်းဖို့ ကွက်လပ်လေးတွေလည်း တော်တော်များများ ရှိနေဆဲပါ ..

မိဝေးဖဝေး မပြည့်မစုံနဲ့ အသက်ရှင်သန်ရပ်တည်နေရတဲ့ အပြစ်မရှိတဲ့ ကလေးတွေကို အလုပ်တာဝန်တွေကြားက ဖြစ်အောင် ကူညီပေးနေတဲ့ အဖွဲ့တွေ များလာတာကလည်း အဆိုးထဲက အကောင်းတခုပါပဲ .. ခုလို ကူညီပေးနိုင်မယ့် အဖွဲ့စည်းတွေအဖြစ် ရပ်တည်နေနိုင်တာလည်း စေတနာ ထက်သန်စွာ လှူဒါန်းပေးနေကြတဲ့ အလှူရှင်များရဲ့ ကျေးဇူးပါပဲ .. အလှူရှင်များအားလုံးနဲ့ ကိုယ်ကျိုးမဖက်ပဲ အားလပ်ချိန်တွေထဲက ဖဲ့ပြီး လိုက်လံကူညီပေးနေတဲ့ အဖွဲ့အစည်းများအားလုံးကို ကျေးဇူးအထူး တင်ရှိပါတယ် ..

မနေ့က ကြယ်ငါးကောက်သူများအဖွဲ့ကို ကလေးတွေအတွက် အာဟာရဒါန လှူဒါန်းဖို့ ဆက်သွယ်မေးမြန်းတော့ အောက်ပါအတိုင်း အကြောင်းပြန်လာပြီး ကလေးတွေအတွက် စီစဉ်ထားတဲ့ အခြား အစီစဉ်လေးတွေပါ သိခွင့်ရခဲ့ပါတယ် .. ကိုယ်တိုင်တော့ ပြန်လာတဲ့ စာကို ဖတ်ရင်း ပျော်ရွှင်ကြည်နူးလာမိပါတယ် .. စာဖတ်သူတွေလည်း ဖတ်ကြည့်ပါဦး ..

မင်္ဂလာပါ မိုးခါး ရေ..
စိတ်ကူးကောင်းပါဘဲ..ဒန်ပေါက်လို

မျိုးတစ်ခါမှ မကျွေးဘူးသေးပါဘူး.။
ရေခဲမုန့်ပါဆိုတော့ ပိုကောင်းပါတယ်..
ခုလောလောဆယ်စိတ်ကူးနဲ့စီစဉ် ကြည်မိတာက..တစ်နေ့လုံးစာကိုတော့
အဆင်မပြေပေမဲ့
ညစာကိုတော့ အဆင်ပြေလောက်ပါတယ်..
ဖေါ့ဘူးတွေနဲ့ သယ်သွားရင် ရလောက်တယ်..
မျောက်ချောကုန်းမှာ စောင့်ကျွေးနိုင်ပေမဲ့ .ကွင်းကလေးနဲ့ ပန်းညိုကွင်းမှာတော့
ဆရာတော်တွေကို ဘူးတွေအပ်နှံ ထားခဲ့ရမဲ့သဘောရှိပါတယ်..
၅ နာရျီမှာထမင်းစားချိန်တူနေကြတာ
ကိုး..
မျောက်ချောကုန်းနဲ့က ၂ မိုင်လောက်ဝေးသေးတယ်လေ..
စီစဉ်တိုင်ပင်ကြည့်ပါဦးမယ် ..cost ပါမေးပြီးတွက်ပေးပါမယ် ..

ခုတင်မိုးခါးတို့ဆီ အကြောင်းကြား mail ပို့မလို့ .

အကြောင်းထူးက..
ဒီနေ့ 27.10.12 မှာ ၃ ကျောင်းစလုံးက ကလေး ၈၅ ဦးကို မြန်အောင်
တာဝတံသာဘုရားပွဲကို အလည်ခေါ်မှာ..
ဘုရားဖူး ဗဟုသုတခရီးတိုပေါ့..
မနက် ၇ နာရီ ကားလေးစီးနဲ့ ကလေးတွေကို သွားခေါ်ပါမယ်..
ကြယ်ငါးအဖွဲ့ အပြင် မြို့နယ် မီးသတ်ဋ္ဌာနနဲ့ ကြက်ခြေနီတပ်ဖွဲ့ကပါ ကူညီကြပါမယ်..
တရုတ်ဘုံကျောင်းမှာ နားဘို့စီစဉ်ထားပါတယ်..ခနနား..
ဘုရားပွဲကို ခြေလျှင်လျှောက်မယ်..
ဘုရားဖူးကံတော့ ..ပြီးရင် ရဟတ် နဲ့ ပျော့အိအိ ကစားကွင်းမှာ ကစားကြပါမယ်..
ကစားလို့ စီးလို့ပြီးရင် ဈေးတန်းလည်..၀ယ်ချင်တာရှိရင်
ဝယ်..
ဘုံကျောင်းကိုပြန်ကြပါမယ်..

နေ့လည်စာထမင်းကို ကြက်ဆီပြန်..အာလူးပဲဟင်းအချို..
ငါးပိကျော်နဲ့ကျွေးမယ်..
စားလို့ပီးရင် ဖိနပ် etc: လိုတာလေးတွေဝယ်ပေးပြီး.. မြို့ထဲကိုသွားမယ်..
နေခြည်ဈေးကိုဝင်ပြီး ဖိတ်ထားတဲ့ဆိုင်တွေ ကိုလည်မယ် (ဆိုင်တွေက မုန့်
စာအုပ် etc: ဝေကြမယ်)..ဆိုင် ၂၀ လောက်ဖိတ်ထားကြတယ်..

ပြီးရင် ဆုတောင်းပြည်စေတီကိုသွားမယ်..ဘု
ရားဖူးမယ်..ဧရာဝတီမြစ်ကိုပြမယ်..
ဘုရားမှာ ကျောက်ကျောရွှေရင်အေး စီစဉ်ထားပါတယ်..
ကြက်ခြေနီအဖွဲ့က ကျန်းမာရေးပညာပေးစကား ..ကြယ်ငါးအဖွဲ့က ပုံပြောတာမျိုးတွေလုပ်မယ်..
ပြီးရင် ရုံးလမ်းအတိုင်း
အားကာခန်းမ..ဆေးရုံ..ဆည်မြောင်း
ဝန်း..တရားရုံး..ဆေးရုံ..မ၀တရုံး..
ခရစ်ရန်ဘုရားကျောင်း..ဆက်သွယ်ေ
ရးစာတိုက် စတဲ့ လမ်းတစ်ရှောက် ပြမယ် ရှင်းပြမယ်..
လမ်းဆုံမှာ ပန်းခြံကို ရောက်မယ်..လျှောစီးကြ ကစားခိုင်းမယ်...
ပီးချိန်မှာ ဟိနူအဖွဲ့က အအေးနဲ့ မုန့်လာကျွေးကြမယ်..
အပြန်တွက်ကားစီစဉ်ထာမယ်..ပန်ြး
ခံကနေ မျောက်ချောကုန်းနဲ့ ၃ရွာစလုံး
ကိုပြန်ပို့ပေးမယ်..
အစီစဉ်က အဲဒါပါဘဲ..
မနက် ၅ နာရီကလူစစု မုန့်စားပြီးကြရင်..စကြမှာ..
ညနေ ၅ နာရီ ပြန်ပို့အပြီးလို့ မှန်းထားတယ်..

ပင်ပန်းမှာသေချာတယ်..အားလုံးပျေ
ာ်ကြမှာကပိုသေချာတယ်ထင်ပါတယ်..
ကားတွေကိုလဲ သင့်ငွေပေးငှားတယ်..အားလုံးအား
လုံးကို ကြက်ဝယ်တာကအစ
တန်ရာတန်ဘိုးနဲ့ပါ.. ရဟတ်အဖွဲ့က တ၀က်ပဲယူမယ်လို့ အကြောင်းပြန်ပါတယ်..
မနှစ်ကထက် ပိုအောင်မြင်မယ်ထင်တယ်..
နဲနဲဆိုးတာက အခုမိုးရွာနေတယ်..မနက်ကျရင်တော
တိတ်သွားမှာပါ..
ည ၇ နာရီအထိတော့ လမ်းမပျက်သေးဘူးလို့ ရွာက ဖုန်းဆက်တယ်..

ဖတ်ရတာ ညောင်းသွားလောက်ပီထင်တယ် တူမရေ..

ကျန်တဲ့သူတွေလဲ ပေးသိလိုက်ပါဦးနော်..
နောက်နေ့ မှတ်တမ်းပုံတွေပို့ပေးပါမယ်..

Cheers:

ဦးထွဋ်
ပျော်ရွှင်မှုတွေ ကူးစက်ခံစားမိကြမယ်လို့ ယုံကြည်ပါတယ် .. 
မိုးခါးအတွက်ကတော့ ပျော်ရွှင်ကြည်နူးမိသလို သနားဂရုဏာပါ သက်မိပါတယ် .. လူချင်း အတူတူ ကလေးချင်း အတူတူ ဘ၀လေးတွေ ကွာခြားကြတယ် .. ဘယ်လိုပဲဖြစ်ဖြစ် အပြင်ကမိစုံဖစုံနဲ့ အချိန်ပြည့် ပျော်ရွှင်နေကြတဲ့ ကလေးတွေလို မဟုတ်ပေမယ့် သူတို့လေးတွေလည်း အုပ်ထိန်းသူတွေရဲ့ ရင်ငွေ့ စေတနာရှင် အလှူရှင်များရဲ့ မေတ္တာငွေ့မှာ အေးချမ်းပျော်ရွှင်နိုင်ကြမယ်လို့ ယုံကြည်မိပါတယ် .. 

ဆက်လက်ပြီး ဓါတ်ပုံမှတ်တမ်းများရရင် ထပ်မံ တင်ပြပေးပါ့မယ် ..

ကူညီပံ့ပေးမှုများ နှင့် အလှူရှင်များ၏ စေတနာ မေတ္တာများအား အစဉ် လေးစားကျေးဇူးတင်လျှက်

Kutho (http://www.kutho.org/)
Giving many helping hands

Thursday, October 11, 2012

ချစ်ခြင်း တစုံ

”အား ..”

သူ မနာပဲ နာချင်ယောင်ဆောင်ပြီး အော်လိုက်တော့ သူမရဲ့ လက်ကလေး ဆေးထည့်နေရာက တွန့်သွားခဲ့တယ် ..

”ခဏလေးပါဟာ .. နင့်နဖူးပေါက်ထားတာက သွေးထွက်နေတယ်ဟ .. မတော်ပိုးဝင်မှခက်နေမယ် ..”

”ဟားဟား .. ဘာပိုးလဲ .. ငါ့ဆီ ဘယ်ပိုးမှ မကပ်ရဲဘူး ..”

”နင် ပြောင်ချော်ချော်လုပ်နေ .. နင် ခုလိုမျိုး ရန်ဖြစ်ပြီး ပွကြီးလုပ်နေရတာ မရှက်ဘူးလား .. အန်တီမြင့် မျက်နှာလည်း ထောက်ဦးမှပေါ့ ..”

”ဟာ .. ငါခုထိတယ်ဆိုတာ နည်းနည်းလေး .. ငါဟိုကောင်တွေဆော်ထည့်လိုက်တာ အနည်းဆုံး ၂ချက်ပဲ ..”

”သူများထိလည်း မကောင်းဘူး ကိုယ်ထိလည်း မကောင်းဘူးလေဟာ .. အန်တီမြင့်လည်း နင့်ကိစ္စပဲ လိုက်ရှင်းနေရတာ မသနားဘူးလား ..”

”ကဲကဲ .. မမ တော်ပါတော့ဗျာ .. ငါ့ အိမ်မှာ နားငြီးလို့ နင့်ဆီလာခါမှ အဘွားကြီး ပေါက်စနဲ့ လာတိုးနေတယ် .. တော်ပြီ .. ဆေးလည်း မထည့်တော့နဲ့ .. ငါလည်းသွားတာပဲကောင်းတယ် ..”

”အေးပါဟယ် .. နင့်ကို ငါက အကောင်းပြောတာပါ .. ကဲကဲ ဆေးတော့ ပြီးအောင်ထည့်ဦး .. ဒါနဲ့ ဘာလို့ ရန်ဖြစ်တာတုန်း ငါ့ပြောပါဦး ..”

”ဟိုဘက်လမ်းက ကောင်လေ ဖြိုးဦး .. စော်တပွေကိုကြိုက်ပြီး အဖြစ်မရှိတဲ့ကောင် .. ဖြစ်ချင်တော့ အဲဒီစော်က ငါကို လာအီနေတယ် .. ငါလည်း အဲ့ကောင် အမြင်ကတ်လို့ ဒီကောင်ရှေ့တွဲပြလိုက်တာ စွေ့စွေ့ခုန်နေတာကွာ .. ပြီးတော့ ငါ့လာရန်စတယ် .. ငါလည်း ပြန်တွယ်ပေးလိုက်တယ် ..”

”နင်ကလဲလေ .. ကောင်မလေးဖြင့်လည်း ကောင်မလေးပြော ရပါတယ်ဟယ် .. အဲဒီ စော် စော် ဆိုတဲ့ အသုံးကြီးက နားထဲ ကန့်လန့်ကြီး ..”

”အမလေး အဖွားလေးရယ် .. ကျုပ်ပဲ မှားပြန်တာပါ .. နင်ကလဲ လူတိုင်း ဒီလိုပြောနေတဲ့ ကိစ္စ ..”

”ဒါပေမယ့်ဟာ မပြောပါနဲ့ .. အခေါ်ဝေါ်ကြီးက နားထဲကြားရတာ မကောင်းဘူး ..”

”အေးပါ အေးပါ .. ငါလည်း ရည်းစားက မလိုချင်ပဲ ရဦးမယ် .. အဲ့ကောင်မလေးဟာ ငါက အလိုက်ထိုက်နေတာကို ခု အတင်းလာတွယ်ကပ်နေတယ် ..”

”အလိုတော် မလိုချင်ပဲများ ရရဦးမယ်လား .. နင်လည်း အဲလိုအပြောနဲ့ရတဲ့ ရည်းစားတွေလည်း များလှပြီ .. မကောင်းပါဘူးဟာ ..”

”မကောင်းပါဘူးဟာ .. သူများသားသမီးကို .. နင့်မှာလည်း အစ်မ ညီမ အရင်း မရှိပေမယ့် ၀မ်းကွဲ ညီမတွေ ရှိသားနဲ့ .. ပြီးတော့ အန်တီမြင့်ကိုလည်း သနားပါဦး .. နဲနဲလေး လူကြီးဆန်ပြီး ရင့်ကျက်ဖို့ မကြိုးစားသေးဘူးလား .. ငါသိပြီးသားတွေ အလွတ်လည်း ရနေပြီ .. တရေးနိုးထမေးတောင် ငါရွတ်နိုင်တယ် .. ဟုတ်ပြီလား .. တော်တော့ နင်မပြောနဲ့တော့ မောမယ် .. ဟားဟား .. နင်ဟာလေ သိပ်ဆရာကြီး လုပ်ချင်တယ် ဟုတ်လား .. ငါကလည်းလေ နင့်စကားဆို နားကိုမထောင်ချင်တာ .. ဟားဟား .. အား .. နာတယ်ဟ နာနေတဲ့ဟာ အရမ်းဖိရလား ..”

”အမြင်ကတ်လို့ဟေ့ အမြင်ကတ်လို့ .. သွားတော့ သွားတော့ ကြည့်လို့ကို မရဘူး ..”

ပြောရင်း ဘောက်ဆတ်ဘောက်ဆတ်နဲ့ ဆေးပစ္စည်းတွေမပြီး အိမ်ခန်းထဲ သူမ ၀င်သွားခဲ့တယ် .. ပြီးတာနဲ့ ကော်ဖီနဲ့ အကိုက်ခဲပျောက်ဆေး ယူပြီး သူမ ပြန်ထွက်လာခဲ့တယ် ..

”ရော့ ဆေးသောက် .. ငါလည်း နင့်ဝဋ် မကုန်သရွေ့ ငါ့ဆေးပညာနဲ့ နင့်ဆေးကုပေးရတာနဲ့တင် အချိန်ကုန်မယ် ..”

”အမလေး ဟုတ်ကဲ့ပါ ဒေါက်တာမကြီးရယ် .. အားကိုးပါတယ် .. အားကိုးပါတယ် .. အေး .. ငါလည်းလေ ရည်းစားသာ ထားနေတာပါ .. အမေကပြောပြီးသား .. ရည်းစားကြိုက်သလောက်ထား အချိန်တန်ရင် နင့်ပဲ ယူရမှာတဲ့လေ .. ငါလည်း နင့်ပဲ ယူမှာပါဟာ .. ဒါမှ ဆရာဝန်ဖိုး မကုန်မှာ .. ဟီးး”

”တော်စမ်းပါ .. ငါဘက်ကတော့ ဆောရီးပဲ .. နင့်ယူမယ့်အစား တတ်ထားတဲ့ ပညာတွေ စွန့်လွှတ်ပြီး သီလရှင် အပြီးဝတ်ပစ်မယ်ဟေ့ .. ကန်တော့ပါသေးရဲ့ ..”

”ရပါတယ်ဟာ .. ငါလည်းဘုန်းကြီးလိုက်ဝတ်မှာပေါ့ .. ဟားဟား ..”

”ပြောင်ချော်ချော်နဲ့ သေဦးမယ် .. သွားတော့ ပြန်တော့ ငါစာလုပ်ရဦးမယ် .. နောက်လည်း မလာခဲ့နဲ့ .. ကြွ ကျေးဇူးရှင် ..”

”အေးပါ အေးပါ .. နင်အဲလို ကြပ်ကြပ်ပြော .. ငါ နင့်ကိုယူမယ့်အစီစဉ်ပြောင်းပြီး တခြားလူနဲ့ယူသွားမှ နင်ငိုနေရမယ် .. ဟားဟား .. သွားပြီဟေ့ ..”

”သေဦးမယ် ..”

သူကတော့ တဟီးဟီး တဟားဟားနဲ့ ကျမတို့ အိမ်ဝန်းထဲကနေ ပြေးထွက်သွားခဲ့ပါပြီ ..

----------

ထူးဇော်နဲ့ ထက်ထက်ဆိုတာ ဘယ်တုန်းကမှ မတည့်သလို ဘယ်သူမှလဲ ခွဲမရတဲ့ မတည့်အတူနေ သူငယ်ချင်း နှစ်ယောက် .. တယောက်နဲ့ တယောက်မတွေ့ရင် လိုက်ရှာပြီး တွေ့လိုက်တာနဲ့လည်း ကိုက်တတ်တယ် .. မောင်နှမအရင်း မရှိတဲ့ သူတို့နှစ်ယောက်အဖို့ သူငယ်ချင်း သံယောဇဉ်ရော မောင်နှမလို သံယောဇဉ်နဲ့ပါ ချစ်ခင်ရင်း ကြီးပြင်းလာခဲ့တယ် ..

ကျမငယ်ငယ်က မေမေ့ကို မောင်လေးမွေးပေးဖို့ ပူဆာခဲ့တယ် .. အမျိုးသမီးရောဂါရှိတဲ့ မေမေဟာ ကျမပူဆာတာကို ဖြည့်ဆည်းဖို့ မစွမ်းသာခဲ့ဘူး .. အပေါင်းအသင်းမက်တဲ့ မောင်နှမ ငတ်တဲ့ ကျမအတွက် တနေ့တော့ ထူးဇော်ရောက်လာခဲ့တယ် .. ဟိုဘက်အိမ်မှာ လူသစ်တွေပြောင်းတယ်ဆိုတော့ စပ်စပ်စုစု ကျမ ချောင်းကြည့်မိတယ် .. အဲဒီမှာပဲ ဆံပင်စင်းစင်းလေးနဲ့ ဂျစ်တစ်တစ် စူပုတ်ပုတ် ထိုင်နေတဲ့ ကောင်လေးဟာ ထူးဇော်ပါ .. နောက်ပိုင်း ဟိုဘက်အိမ် ဒီဘက်အိမ် ခင်မင်သွားပြီးနောက် ကျမလည်း ထူးဇော်ဆိုတဲ့ သူငယ်ချင်းလေးတယောက် ကောက်ရလိုက်ပါတော့တယ် ..

----------

”သမီးလေး .. ဘုရားဆွမ်းကိစ္စပြီးရင် မြင့်မြင့်တို့ အိမ်ဘက်ကို မုန့်ဟင်းခါး သွားပေးလိုက်ဦးနော် .. သံပုရာသီးလေးပါ ထည့်သွား ..”

”ဟုတ် မေမေ ..”

”ဒါနဲ့ ဟိုကောင်လေး ကောင်မလေးတယောက်နဲ့ တွေ့တွေ့နေတယ်နော် .. မြင့်မြင့် သိလားမသိလားတော့ မပြောတတ်ဘူး .. ကောင်မလေးအပြင်အဆင်က သွက်သွက်လေး .. သမီးလည်း ဘေးနားက ထိန်းပေးဦး ..”

”အမလေး မေမေရယ် .. ဒင်းက မိန်းကလေးတွေ တွဲသွားတွဲလာတွေက ခပ်များများရယ် .. သမီးပြောလည်း မရပါဘူး .. သူက ပြောရင် ပိုရွဲ့တာ ..”

”ကောင်းကောင်းမွန်မွန်လေးဆိုရင်တော့ ကိစ္စမရှိပါဘူးကွယ် .. မတော်တရော်ဖြစ်နေမှဖြင့် ..”

”ဟုတ်ကဲ့ပါ မေမေ .. သမီး မေးကြည့်ပါဦးမယ် ..”

”ကျမ ဂျိုင့်တွေခွက်တွေနဲ့ ပြင်ဆင်ပြီး အန်တီမြင့်တို့ အိမ်ဖက်ကူးခဲ့လိုက်တယ် .. ကျမ အိမ်ထဲကို အ၀င် ..”

“သား .. သားအခု ကောင်မလေးတယောက်နဲ့ တွဲနေတယ်ဆို .. ကောင်မလေးက လည်လည်လေးဆို .. သားဘာတွေ လျှောက်လုပ်နေတာလဲ .. သားကို မေမေပြောထားတယ်နော် .. သားကို ထက်ထက်နဲ့ပဲ သဘောတူတယ် .. တခြားမိန်းကလေးကို ယူချင်ရင် ထက်ထက် ထက်ပိုပြီး အရည်အချင်းရှိတဲ့ သားအပေါ်ကို အလေးနက်ထားနိုင်မယ့် မိန်းကလေးမျိုးပဲ ဖြစ်ရမယ်လို့ .. ချွေးမဆိုတာလည်း မေမေ့သမီး ဖြစ်လာမှာပဲပေါ့ .. ဒါပေမယ့် ထက်ထက်လိုတော့ မေမေချစ်နိုင်မှာမဟုတ်ဘူး ..”

”မေမေကလဲ .. သားမှ ထက်ထက်ကို မချစ်တာ .. သူနဲ့က သူငယ်ချင်းစိတ်ပဲ ဘယ်တော့မှလည်း ချစ်မှာမဟုတ်ဘူး .. မေမေလည်း သားစိတ်မပါတာကို အတင်းအကျပ်တော့ မလုပ်ပါနဲ့ဗျာ .. ခုကောင်မလေး ဆိုတာလဲ ရိုးရိုးသူငယ်ချင်းပါ .. မေမေစိတ်မပူနဲ့ ..”

”သူငယ်ချင်းပဲဆိုရင်တော့ ကိစ္စမရှိဘူး .. မေမေလည်း ခေတ်မှီတဲ့ နားလည်ပေးတတ်တဲ့ မိခင်တယောက်ပါသားရယ် .. မေမေ့သဘောထားကို သားနားလည်တယ်မလား ..”

”ဟုတ်ကဲ့ပါ .. သားနားလည်ပါတယ် .. သူငယ်ချင်းတွေနဲ့ အပြင်သွားဖို့ချိန်းထားတယ် .. ရေသွားချိုးလိုက်ဦးမယ်ဗျာ ..”

ပြောပြောဆိုဆို ထူးဇော် လှေခါးအတိုင်း လေးလေးပင်ပင်တက်သွားခဲ့တယ် ..

ကျမနားထဲ ထပ်ခါ ထပ်ခါ ကြားယောင်နေမိတာကတော့ .. ထက်ထက်ကို မချစ်ဘူး .. ဘယ်တော့မှချစ်မှာမဟုတ်ဘူး တဲ့ .. မသက်ဆိုင်ပါပဲ ကျမ ရင်တွေ နာလာတယ် .. နင်က ငါ့ကို ဘယ်တော့မှ ချစ်မှာ မဟုတ်ဘူး တဲ့လား ..

ဧည့်ခန်းကို ကြည့်လိုက်တော့ အန်တီမြင့်လည်း မီးဖိုထဲ ၀င်သွားခဲ့ပြီ .. ကျမ ဟန်မပျက်နေလိုက်ရင်း အသံပြုလိုက်တယ် ..

”အန်တီမြင့်ရေ ..”

”သမီးလေးလား .. ၀င်ခဲ့လေ .. အန်တီမီးဖိုထဲမှာ ကော်ဖီဖျော်နေတယ် ..”

”အန်တီ .. အိမ်မှာ မုန့်ဟင်းခါးချက်လို့ .. အန်တီ မနက်စာ မစားရသေးဘူးမလား .. စားလိုက်ဦးနော် .. ပူနေတုန်းလေး .. ဒီမှာ သံပုရာသီးပါ ယူခဲ့တယ် .. ဒါနဲ့ အန်တီ သွေးတိုးသေးလား ..”

”ခုရက်ပိုင်းတော့ နေလို့ ကောင်းတယ် သမီးရယ် .. အန်တီ့ကို သွေးတိုးအောင် လုပ်တာ ဖိုးထူးပဲရှိတယ်လေ .. တော်သေးတယ် သူ့လိုသားမျိုး ၂ယောက်များမွေးမလို့ကတော့ အန်တီမြင့်တို့ အသက်တိုမယ် .. အိုး .. မုန့်ဟင်းခါးလေးက မွှေးနေတာပဲ .. ကျေးဇူးပဲ သမီးရေ .. သမီးရော စားပြီးပြီလား ..”

”မစားသေးဘူး အန်တီ .. ပြန်မှ စားတော့မယ် .. သမီး မုန့်တွေ လှယ်လိုက်မယ်နော် ..”

”အေးအေး သမီးလေး .. သမီးကော်ဖီတော့ သောက် .. နော် ..”

”ဟုတ် ..”

”ဒါနဲ့ မေးရဦးမယ် .. သမီး ခု ဖိုးထူးကောင်မလေးတယောက်နဲ့ အရမ်းတွဲနေတယ်လို့ ပြောကြတယ် .. သမီး ဘာများ သိထားသေးလဲ ..”

”သမီးလည်း မသိပါဘူး အန်တီရယ် .. နောက်မှ မေးမြန်းကြည့်တော့မယ် ..”

”ကြည့်ထိန်းပေးပါဦး သမီးရယ် .. အမြင်မတော်တာတွေ့လည်း အန်တီမြင့်ကို အသိပေးဦးနော် ..”

”ဟုတ်ကဲ့ပါ အန်တီ စိတ်ချပါ .. သိပ်လည်း စိတ်မပူပါနဲ့ .. ဖိုးထူးက လိမ္မာပါတယ် .. အန်တီ့ကိုလည်း ချစ်တော့ စကားနားထောင်မှာပါ ..”

”အား .. မွှေးလိုက်တာ မုန့်ဟင်းခါးနံ့ ..”

”ဟော သားဆင်းလာပြီ .. လူမမြင်ရသေးဘူး .. အသံအရင် ကြားရတယ် .. ဖိုးထူး လာဦး .. မသွားခင် မုန့်ဟင်းခါး စားသွား .. ဒီမှာ ထက်ထက်ရောက်နေတယ် ..”

”သြော် .. ဖွားလေး ရောက်နေတာကိုး .. ဟီးး ..”

”နင်ကတော့နော် .. တွေ့ရင် ရန်ဖြစ်ချင်တယ် ဟုတ်လား .. အန်တီမြင့် သမီး ပြန်တော့မယ် .. စာလုပ်ဖို့ ရှိသေးလို့ ..”

”သြော် .. အေးအေး သမီးလေး .. သားကလည်း တွေ့တာနဲ့ စဖို့ပဲ .. ဟွန်း ..”

ကျမ သူတို့ သားအမိတွေရဲ့ စကားသံကို ကျောခိုင်းခဲ့တော့တယ် .. ရင်ထဲမှာလဲ ငိုချင်သလိုလို .. ၀မ်းနည်းတာလား ဒေါသထွက်တာလား အလိုမကျတာလား .. ခံစားမှုတွေ ရှုပ်ထွေးနေတယ် ..

----------

ကလင် ကလင် ..

”ဟဲလို ..”

”ဟဲ့ မိထက် .. နင် အိပ်နေပြီလား ..”

”အေး .. ငါ အိပ်ပျော်သွားတယ်ဟ .. ခဏဆိုပြီး .. ဟီးး”

”အင်း စာတွေတော့ ရဦးမယ် .. နေဦးဟာ မအိပ်နဲ့ဦး .. ငါနင်နဲ့ စကားပြောချင်လို့ ..”

”ဘာကိစ္စတုန်း ..”

”နင် အချစ်ဆိုတာကို ဘယ်လိုသဘောပေါက်လဲ .. အချစ်ဆိုတာ ဘာလဲ ..”

”ဘယ်လိုရယ် .. ဘာစိတ်ကူးပေါက်နေတာတုန်း .. အိပ်ငိုက်ရတဲ့ကြားထဲ ..”

”ငါ မနောက်ဘူး .. တကယ်အတည်မေးတာ .. နင် အချစ်ဆိုတာကို ဘယ်လိုမြင်လဲ ..”

”ဘယ်လိုမှ မမြင်ဘူး .. စိတ်လည်း မ၀င်စားဘူးဟာ .. ငါ့ကို အိပ်ရေးဖျက်နေတယ် ..”

”ငါကတော့ အချစ်ဆိုတာ ငယ်ငယ်တုန်းက လူကြီးတွေ မသိအောင် တခုခု ခိုးလုပ်တာလိုမျိုး .. ကျောင်းမှာ မရတဲ့စာကို ဆရာက မေးနေတဲ့အချိန် ကိုယ်ကလဲ မရ ကိုယ့်ကို မေးမှာလဲကြောက် ဆရာ့ကို မကြည့်ရဲပေမယ့် ခိုးကြည့် .. ငါ ခိုးကြည့်တာကိုလည်း ဆရာက သိပြီး ငါစာမရတာ ရိပ်မိသွားမှာ စိုးရိမ်စိတ်ဖြစ်တဲ့အခါ ရင်ခုန်မှုမျိုးနဲ့ တူတယ်လို့ ငါထင်တယ် .. ဟားဟား .. ငါလေ သူ့ကို မြင်ရင် ရင်တွေ သိပ်ခုန်တယ်ဟ .. အမြဲတမ်းလည်း မြင်ချင်တယ် .. အရိပ်တကြည့်ကြည့်နေချင်တယ် .. သူ့လက်ကလေးကို ကိုင်ကြည့်ချင်တယ် .. ခေါင်းက ဆံပင်လေးတွေကို မွှေးကြည့်ချင်တယ် .. ဟားဟား .. ပြောရင်းတောင် ရင်တွေ ခုန်လာတယ်ဟ ..”

”ဟမ် .. ကယောင်ကတမ်း ဘာတွေ လာပြောနေတာတုန်း .. ငါ့ကို အိပ်ရေးပျက်အောင်လည်း လုပ်တယ် .. အေး .. ငါကြားဖူးတာတော့ အချစ်ဆိုတာ စွဲလန်းတာတဲ့ .. စွဲလန်းတယ်ဆိုတာ တဏှာပဲ .. ဒီတော့ နင်က တဏှာရူးပဲ .. အရူး .. ဟဟဟ”

”ဟမ် .. အစုတ်ပလုတ်မ .. နင်ကတော့ နာတော့မယ် .. ငါ့ရဲ့ ရင်ခုန်သံစဉ်လေးတွေကို နင်ဖျက်ဆီးပစ်တယ် .. အပေါမ .. ခံစားချက်မရှိတဲ့ ကျောက်တုံးမ .. စာကြမ်းပိုးမ .. လေးလုံးမ မှန်ကြောင်မ .. ဟွန်း တော်ပီ .. နင့်လို မထုံတတေးနဲ့ စကားပြောတာထက် င့ါစိတ်ကူးလေးနဲ့ နေတာပဲ ကောင်းတယ် .. အာရုံနောက်လိုက်တာ .. တော်ပီ ဒါပဲ ..”

စိတ်ဆိုးဆိုးနဲ့ ဖုန်းချသွားတဲ့ ဖိုးထူး .. ကျမ ခပ်မဲ့မဲ့ ပြုံးဖြစ်တယ် .. အချစ်တဲ့ .. ဖိုးထူးက အချစ်အကြောင်း နားလည်သွားပြီတဲ့လား .. အဆင်သင့်ပွင့်နေတဲ့ စာမျက်နှာပေါ်မှာ စာတကြောင်း ရေးလိုက်မိတယ် ..

”အချစ် ..
 အချစ်ဆိုတာ
 မလိုအပ်ပဲ ဖူးပွင့်လာတဲ့အခါ
 ပွင့်ချပ်ဘယ်လောက်လှလှ
 ညှိုးလွယ်တတ်တယ် ..”

----------

”သမီးရေ .. ထက်ထက် ..”

”ဟယ် မြင့်မြင့် .. ဘာဖြစ်လာတာလဲ ..”

”ဟိုမှာလေ .. ခုပဲ ဖုန်းလာလို့ .. ဖိုးထူး ရန်ဖြစ်လို့တဲ့ .. ဆေးရုံမှာလို့ ပြောတယ် .. စိတ်ပူစရာမရှိဘူးတဲ့ .. နဖူးကွဲတယ်တဲ့ .. အဲဒါ အခုသွားမှာ သမီးလေးကိုပါ အဖော်ခေါ်ချင်လို့ ..”

”အန်တီမြင့် .. သမီးလာပြီ .. အကုန်ကြားပြီးပြီ .. လာ သွားကြရအောင် ..”

”သြော် .. ဒီကလေးကတော့လေ ..”

မေမေ့ အသံကတော့ နောက်နားဆီမှာ ကျန်ရစ်ခဲ့ပါပြီ .. ကျမနဲ့ အန်တီမြင့်တို့ ဆေးရုံရောက်တဲ့ အချိန်မှာတော့ ဖိုးထူးတယောက် အိပ်ပျော်နေခဲ့တယ် .. ကျမတို့ ဆေးရုံကိစ္စ ဓါတ်မှန်ကိစ္စတွေ လိုက်လုပ်ပြီးတဲ့အထိ ဖိုးထူးတယောက် အိပ်ပျော်နေဆဲပဲ ..

”သမီးလေး .. အန်တီမြင့် ရဲစခန်းလိုက်ရှင်းရဦးမယ် .. ပြီးမှ ပြန်လာခဲ့မယ် .. သမီး ခဏလေး စောင့်ပေးနေခဲ့နော် ..”

”ဟုတ်ကဲ့ပါ အန်တီ .. သတိထားသွားပါနော် ..”

အန်တီမြင့်လည်း ပြောပြောဆိုဆို ပြေးပြေးလွှားလွှားပဲ သားကိစ္စ လိုက်ရှင်းရတော့တယ် .. ဖိုးထူးကတော့ အိပ်မောကျလျက်ပဲ .. သူ့မျက်နှာပေါ်မှာ အညိုအမဲတချို့နဲ့ နှုတ်ခမ်းက ပေါက်သွားပြီး သွေးစို့နေတယ် .. နဖူးကတော့ ၂ချက်ချုပ်ထားရတယ် .. ဖိုးထူး အရင်ကလည်း ရန်ခဏခဏဖြစ်တတ်ပါတယ် .. သူကချည်း ချခဲ့တယ်ဆိုတာပဲ .. ခုတော့ ဖိုးထူးမျက်နှာမှာ ဒဏ်ရာဒဏ်ချက်တွေနဲ့ .. ကျမ ကြည့်ရင်း ငိုချင်လာပြန်တယ် .. နင်သိပ်ဆိုးတာပဲဟယ် .. လက်ကောက်ဝတ်က သွေးခုန်နှုန်းကို စမ်းရင်း သူ့ရဲ့ လက်ဖ၀ါးတွေကို ဖမ်းဆုတ်ကြည့်ချင်လာတယ် ..

”အင်း ..”

ဖိုးထူးဆီက ငြီးသံ တချက်ကြားရတယ် ..

”ထူးဇော် ..”

ကျမ တိုးတိုးခေါ်ကြည့်တော့ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်လာခဲ့တယ် ..

”ထူးဇော် .. နိုးပြီလား .. သက်သာရဲ့လား”

အဲဒီအချိန်မှာပဲ တံခါးပွင့်သွားပြီး မိန်းကလေးတယောက်ဝင်လာခဲ့တယ် .. ထူးဇော်ကို မြင်တာနဲ့ ..

”ကိုကို .. ကိုကို .. ဒဏ်ရာတွေနဲ့ ကြည့်ပါဦး .. ကိုကိုရယ် သနားလိုက်တာ .. အရမ်းနာနေမှာပဲနော် ..”

ပြောလည်းပြော တရှုံ့ရှုံ့နဲ့ ထူးဇော်ရင်ခွင်ထဲအပ်ပြီး ငိုနေတော့တယ် .. ထူးဇော်ကတောင် ပြန်ပြီး

”သဲ .. သဲလေးကလဲ .. မငိုပါနဲ့ ခု စိုးရိမ်စရာမရှိပါဘူး .. ကိုကိုက သဲလေးမျက်နှာကိုမြင်တာနဲ့ အနာတွေတောင် ပျောက်ကုန်ပြီ .. ဘာမှ မဖြစ်တော့ဘူး .. နာလည်း မနာတော့ဘူး ..”

ခုချိန်မှာ ကျမထွက်သွားလိုက်ဖို့ အကောင်းဆုံးပဲဆိုတာ နားလည်လိုက်တယ် .. ကျမဟာ လူပိုတယောက်ဖြစ်လို့ပေါ့ .. အလိုက်လည်း သိရမယ် မဟုတ်ပါလား ..

”ထူးဇော် .. ငါ အောက်ခဏဆင်းပြီး လိုတာလေးသွားဝယ်လိုက်ဦးမယ် .. အန်တီ ခဏနေ ပြန်လာလိမ့်မယ် .. ရဲစခန်း ခဏသွားနေတာ .. ဒီက ညီမရော အအေးလေးဘာလေး ဘာသောက်မလဲ .. အစ်မ အောက်ခဏဆင်းမလို့ ..”

”မသောက်တော့ပါဘူး မမ .. ကျေးဇူးပါ ..”

ခပ်ပြုံးပြုံးနဲ့ ဆိုလာတယ် .. မိန်းကလေး အပြုံးက လှပါတယ် .. ဒါတွေကိုပဲ ထူးဇော် စွဲလန်းနေတယ် ထင်ပ ..

ကျမ အလိုက်တသိပဲ သူတို့ကို ရှောင်ပေးခဲ့လိုက်ပြီး ကန်တင်းကို ထွက်ခဲ့လိုက်တယ် .. ဒီနေ့မှ ရာသီဥတုက ပူသလား .. ကျမ ရင်တွေ ပူလောင်နေခဲ့တယ် .. အာခေါင်တွေလည်း ခြောက်လို့ .. အအေးတလုံးဝယ်ရင်း အပူသက်သာမလား ကျမ သောက်နေမိတယ် .. အတွေးတွေလည်း တောင်ရောက် မြောက်ရောက် ..

----------

ကျမ အခန်းကို ပြန်ရောက်တော့ ကောင်မလေး ရှိမနေခဲ့တော့ဘူး .. ဖိုးထူးတယောက်တည်း သုန်သုန်မှုန်မှုန်နဲ့ ..

”နင့်ကောင်မလေး ပြန်သွားပြီလား ..”

”အေး ..”

”အန်တီပြန်ရောက်နေပြီလား .. ဟိုမှာ အန်တီပိုက်ဆံအိတ် ..”

”အေး ..”

”ဟွန် .. ဟဲ့ နင်ဘာဆေးစားမှားသလဲ .. ရုပ်က ..”

”နင် ငါ့အမေကို ဘာတွေ သွားချွန်ထားလဲ မှန်မှန်ပြော ..”

”အမ် .. ဘာကိုတုန်း .. ငါက ဘာကိုချွန်ရမှာတုန်း .. စကားကို ရှင်းရှင်းပြော ..”

”ငါနဲ့ ငါ့ကောင်မလေး ကိစ္စ ..”

”ငါ ဘာမှ မပြောဘူးနော် .. အန်တီ့ကို ..”

”နင် မညာနဲ့ .. မေမေပြန်ရောက်တော့ ငါ့ကို စွတ်ကောတော့တာပဲ .. ကောင်မလေး ကိစ္စရော ရန်ဖြစ်တဲ့ ကိစ္စရော .. ငါ့ကောင်မလေးကို နင်က ပျံတံတံ နံ့တံ့တံ့လို့ ပြောတယ်မလား ..”

”အို .. စွတ်စွတ်စွဲစွဲ .. ပြောရအောင် နင့်ကောင်မလေးကို ခုမှ မြင်ဘူးတာပဲ .. အေး ဒါပေမယ့် ငါကြားထားတာတွေတော့ ရှိတယ် .. နင့်ကောင်မလေးက နဲနဲရှုပ်တယ် .. ပြဿနာများတယ် .. ဒါပေမယ့် ငါက မိန်းကလေးအချင်းချင်း ချိုးချိုးနှိမ်နှိမ်ဖြစ်အောင် ပြောပါ့မလား .. ငါအနည်းဆုံး အန်တီမြင့်ကို နင်နဲ့တော့ သိပ်အဆင်မပြေနိုင်ဘူးထင်တယ်ဆိုတာလောက်ပဲ ပြောမှာ .. ဒါလည်း ငါ မပြောရသေးဘူး .. ငါကိုယ်တိုင် မသိသေးပဲ ဘေးအပြောပဲဖြစ်နေလို့ .. နင် ငါ့ကို အဲလိုတောင် အထင်သေးတယ်လား .. ငါ စိတ်မကောင်းဘူး ထူးဇော် ..”

”မေမေက ခုပဲ နင်နဲ့ ကန်တင်းမှာ တွေ့လာတယ်တဲ့ .. ငါ့ကောင်မလေးလာတာလည်း မေမေက သိတယ် .. ပြီးတော့ ငါ့ကောင်မလေး ရည်းစားများတာလည်း ခု ငါနဲ့တွေ့ပြီး မများတော့ဘူး .. သူ အခု လိမ္မာနေပြီ .. ဒါပေမယ့် မေမေက ငါ့ကောင်မလေးကို အကောင်းမမြင်တော့ဘူး .. အဲဒါ နင့် စနက်မဟုတ်လို့ ဘယ်သူဖြစ်မလဲဟ .. မေမေပြောတာ ခုလေးတင် .. ပြီးတော့ မေမေက ငါ့ကောင်မလေးနဲ့ သဘောမတူဘူးတဲ့ .. နင်နဲ့ပဲ လက်ထပ်ရမယ်တဲ့ ..”

”တော်ပြီ ထူးဇော် .. နင်ဆက်မပြောနဲ့တော့ .. အန်တီဘယ်လိုသိလဲ ငါမသိဘူး .. ငါမပြောတာပဲ ငါသိတယ် .. ဒီတော့ နင် ငါ့ကို ဆက်မစော်ကားပါနဲ့တော့ .. မိန်းကလေးတယောက်ကို သူ့မကောင်းကြောင်း ပြောပြီး အမှတ်ဝင်ယူရလောက်အောင် ငါ အောက်တန်းမကျဘူး .. နင်စိတ်မပူပါနဲ့ .. အန်တီတို့ မေမေတို့ ဘယ်လိုပဲ စီစဉ် စီစဉ် ငါရအောင် ငြင်းပေးမယ် .. နင် စိတ်ချမ်းသာအောင်သာနေ .. ငါပြန်တော့မယ် .. အန်တီ့ကို နှုတ်ဆက်သွားတယ် ပြောလိုက်ပါ ..”

အခန်းထဲက ထွက်လိုက်တာနဲ့ မျက်ရည်တွေ တားမနိုင် ဆီးမရ ကျလာခဲ့တယ် .. ဒီမျက်ရည်တွေဟာ အရှက်ကြောင့်လား မာနကြောင့်လား ဆုံးရှုံးမှု တခုကြောင့်လား .. ဘယ်လိုကြောင့်ဖြစ်ဖြစ် ကျမ ငိုနေခဲ့တယ် ..

----------

မနက် နှိုးစက်မြည်သံနဲ့ အတူ စိတ်လက် မကြည်မသာပဲ နိုးထလာခဲ့တယ် .. ကျမ ကျောင်းသွားရဦးမယ်လေ .. ကျမမှာ လုပ်စရာတွေ အများကြီး ရှိနေခဲ့တယ် .. ဘ၀အတွက် ကျမ ပတ်ဝန်းကျင်အတွက် ကျမစိတ်ဓါတ်တွေ ရှင်သန်နေရမယ် ..

ရေမိုးချိုးပြီး စိတ်ပါလက်ပါ အလှပြင်လိုက်တယ် .. မှန်ထဲက ပုံရိပ်ဟာ မနေ့က အသည်းကွဲမလိုလိုဖြစ်ခဲ့တဲ့ မိန်းကလေး မဟုတ်တော့ဘူး .. နာမည်နဲ့ လိုက်အောင် ထက်ထက်မြက်မြက်ရှိမယ့် ရုပ်ရည်နဲ့ မိန်းကလေးသာ ဖြစ်တယ် .. ကိုယ့်ကိုကိုယ် ကျေနပ်စွာနဲ့ ပြုံးလိုက်တယ် ..

”မေမေ .. သမီး ကျောင်းသွားတော့မယ် ..”

”သမီး မုန့်စားသွားဦးလေ ..”

”မစားတော့ဘူး ကျောင်းကျမှ စားလိုက်တော့မယ် ..”

”ညနေ ဖိုးထူးဆီဝင်ခဲ့မှာလား သမီး ..”

”မ၀င်ဖြစ်တော့ဘူးထင်တယ် မေမေ .. သမီး စာတွေလုပ်ဖို့ ရှိနေလို့ .. သူလည်း စိုးရိမ်ရမယ့် အခြေအနေမှ မဟုတ်ပဲ ..”

ကျမ ပြောပြောဆိုဆို ထွက်လာခဲ့လိုက်တော့တယ် .. မေမေ့ မျက်ဝန်းတွေမှာ ကျမကို စူးစမ်းတဲ့အကြည့်တွေပါနေတယ်ဆိုတာလည်း ကျမ လျစ်လျူရှုလိုက်တယ် .. ထူးဇော်က ကျမကို မလိုအပ်ပါဘူးလေ ..

----------

”သမီးရေ .. ထက်ထက် .. ဒီမှာ ဖိုးထူးလာတယ် ..”

”ဟုတ် .. မေမေ လာပြီ ..”

”မိထက် ..”

”အေး .. ငထူး .. မတွေ့တာတောင် ကြာပြီ .. ငါလည်း စာတွေရော အလုပ်တွေရော များနေလို့ဟ .. အန်တီမြင့်ရော နေကောင်းတယ်မလား .. ငါက သတင်းမေးတယ် ပြောပေးပါ ..”

”အင်း .. မေမေနေကောင်းပါတယ် .. နင် ငါ့ကို စိတ်ဆိုးတုန်းလား ..”

”ဟင် .. ဘာကိစ္စလဲ .. ငါက ဘာကိစ္စကို စိတ်ဆိုးရမှာလဲဟ .. ငါ တကယ် အလုပ်များနေတာပါ .. ခုလည်း ငါ စာလုပ်ဖို့ ရှိသေးတယ် .. နင် လာတာ ဘာကိစ္စလဲ ..”

”ကိစ္စမရှိပါဘူး .. နင့်ကို သတိရလို့ပါ ..”

”အမလေး .. ဟာဟ ဟုတ်ပါပြီ .. နောက်မှ အေးဆေးတွေ့မယ်လေ .. ဒါဆို ..”

”အေးပါ .. ငါပြန်မှာပါ ..”

ပြောရင်း သူ တရွေ့ရွေ့ ကျမကို ကျောခိုင်းသွားခဲ့တယ် ..

----------

သံယောဇဉ်တွေ အခြေတည်လို့
မေတ္တာတရားတွေ နှောင်ဖွဲ့ရင်း
တဖက်သတ် ရင်ခုန်သံတွေ ရင်းနှီးတယ်
တဖက်တည်း တီးလို့ မမြည်နိုင်တဲ့ လက်ခုပ်လို ...။

ဖြစ်ရပ်မှန်လို့ သိလိုက်ရချိန်
ဘာတွေကို မျှော်လင့်နေဦးမလဲ
တသက်လုံး သိမ်းဆည်းသွားမယ်
မက်လို့ကောင်းတဲ့ အိပ်မက်လို ...။

ငါဟာလေ
မလိုအပ်ပဲ ဖွဲ့တည်ခဲ့တဲ့ မိုးသားလို
အငြိုငြင်မခံရဖို့
ပြိုမလိုမိုးတိမ်ကို တိမ်ညိုမဲတွေ ဖုံးအုပ်ရင်း
တရွေ့ရွေ့ဆုတ်ခွာလာခဲ့တယ်
ဟိုး .. စိမ်းစိုစိုသစ်တောအုပ်တွေနားကို ...။

----------

ဒီလိုနဲ့ .. တခါတလေ စာအကြောင်းပြ တခါတလေ ဆေးရုံအကြောင်းပြနဲ့ အကြောင်းမျိုးမျိုးပြပြီး ဖိုးထူးကို ကျမ ရှောင်ဖယ်ဖယ်ပဲ နေခဲ့လိုက်တယ် .. တကယ်တော့ သူ့အတွက် ကျမ မလိုအပ်ပါဘူးလေ .. ကျောင်းပြီးလို့ တာဝန်ကျမယ့်နေရာတွေကိုလည်း ခပ်ဝေးဝေးပဲ ကျမသွားဖို့ ဆန္ဒပြုခဲ့တယ် .. တကယ်တမ်းလည်း အေးချမ်းလှတဲ့ ကလောကို တာဝန်ကျခဲ့သလို ကိုယ်တိုင်ပဲ ပျော်ပျော်ကြီး တာဝန်ထမ်းဆောင်ဖို့ပဲ တာဆူနေခဲ့တယ် .. ကျမဟာ အရှုံးနဲ့ ထွက်သွားတာမဟုတ်ခဲ့သလို ဘယ်သူနဲ့မှလည်း ပြိုင်ဖက်မဟုတ်ခဲ့ဘူးလေ .. လုပ်စရာများလွန်းတဲ့ ကိုယ့်အခြေအနေကို ကိုယ်တိုင်ကျေနပ်ရင်း ခရီးစဉ်အသစ်တွက်လည်း စိတ်လှုပ်ရှားနေခဲ့တယ် .. မနက်ဖြန်ခရီးအတွက် လိုအပ်တာတွေ အကုန် သိမ်းဆည်းထုတ်ပိုးအပြီးမှာတော့ ညနေတောင်စောင်းနေခဲ့ပြီ .. အဲဒီအချိန်မှာပဲ ..

“သမီးရေ ..” ခေါ်သံနဲ့ အတူ မေမေကျမအခန်းထဲ ၀င်လာခဲ့တယ် ..

“အထုပ်အပိုးတွေ အဆင့်သင့်ဖြစ်ပြီလား သမီး ..” မေ့မေ့အသံက နဲနဲတော့ ၀မ်းနည်းသံစွက်လို့ .. ကျမ မေ့မေ့ကို ပွေ့ဖက်လိုက်ရင်း ..

“ဟုတ် .. ပြီးပြီ မေမေ .. သမီးမရှိတုန်း ကျန်းမာရေး ဂရုစိုက်နော် .. သမီးကိုလည်း စိတ်ချ သိလား .. မေမေ အလုပ်အားတဲ့အချိန် လာခဲ့နော် ..”

“အေးပါကွယ် .. မေ့မေ့သမီးလေးလည်း ကျန်းမာရေး ဂရုစိုက်နော် .. ရာသီဥတုအပြောင်းအလဲနဲ့ဆိုတော့ .. အင်း ဒါပေမယ့် မေ့မေ့သမီးက ဆရာဝန်ပဲဟာ .. မေ့မေ့ထက်ပိုသိမှာပါ .. မေမေစိတ်ချပါတယ် .. မခွဲဘူးပဲ ခွဲရမှာဆိုတော့ မေမေတော့ လွမ်းနေတော့မှာ ..” ပြောလည်းပြော မျက်ရည်စွတ်တဲ့ မျက်ဝန်းတဲ့ ကျမပါးကို ဖွဖွ မွှေးတယ် .. ကျမကလည်း ခပ်တင်းတင်းပြန်ဖက်ရင်း ..

“စိတ်ချပါ .. သမီးလည်း ကိုယ့်ဟာကိုယ် ဂရုစိုက်မယ် .. မေမေလည်း ဂရုစိုက် .. ဖုန်းအမြဲဆက်နေမှာပဲဟာ နော် ..”

မေမေက ခေါင်းညိမ့်ပြရင်း ..

“သြော် .. သမီး .. မြင့်မြင့်ဆီ သွားနှုတ်ဆက်လိုက်ပါဦး .. မြင့်မြင့်က သမီးကို သူ့သမီးလေးလိုပဲ သိပ်ချစ်တာ ..”

“ဟုတ် .. သမီးသိပါတယ် .. ပစ္စည်းတွေ ထည့်ပြီးတာနဲ့သွားမလို့ .. အဲဒါဆို သမီး ခဏသွားလိုက်ဦးမယ်နော် ဟိုဘက်အိမ်ကို ..” ကျမ ပြောပြီး အန်တီမြင့်တို့အိမ်ဘက် ကူးခဲ့လိုက်တယ် ..

----------
”အန်တီရေ .. အန်တီ ..”

“သမီးလေး ..”

ခေါ်သံနဲ့ အတူ အန်တီမြင့် အိမ်ရှေ့တံခါးနားအထိ လာပြီး ကျမလက်ကို ဆွဲခေါ်လို့ အိမ်ရှေ့ဧည့်ခန်းဆီ ၀င်လာခဲ့တယ် .. ဘာစကားမှ မပြောသေးပေမယ့် အန်တီရဲ့ ဆုပ်ကိုင်ထားတဲ့လက်တွေရဲ့ နွေးထွေးတင်းကျပ်မှုကို ခံစားရပြီး ကျမ အလိုလို ၀မ်းနည်းလာပြန်တယ် .. နောက်တော့ ခပ်ဖွဖွပြုံးရင်း ..

“သမီးလေး .. သမီးလေးဟာလေ အန်တီစိတ်ထဲ ကိုယ့်သမီးလေးလိုပဲ .. သိပ်သံယောဇဉ်ရှိတယ် .. ကလေးတွေတောင် ကျောင်းတွေပြီးလို့ လူကြီးတွေ ဖြစ်ကုန်ပြီး မိဘရင်ခွင်ကိုခွဲခွာရမယ့် အချိန်တောင်ရောက်လာပြီပဲ ..”

“အို .. အန်တီကလည်း အဲလိုမဟုတ်ပါဘူး .. သမီးက ခဏပဲသွားရမှာပါ .. ပြီးရင် အန်တီနဲ့ မေမေ့အနား ပြန်လာမှာပေါ့ .. စိတ်မကောင်းမဖြစ်ပါနဲ့ ..” ပြောပြောဆိုဆို အန်တီမြင့်ပါးကို ဖွဖွမွှေးလိုက်တယ် .. အဲဒီတော့မှ အန်တီကိုယ်တိုင် ကြည်ကြည်လင်လင်ဖြစ်လာပြီး ..

“အန်တီ့သမီးအရင်းလေးပဲဖြစ်လိုက်ပါတော့လား .. ဟိုကောင်လေးဆို ခုလိုကို အနားမကပ်ဘူး .. သြော် .. သားတွေမွေးရတာ မကောင်းပါဘူး ..”

“ဟိ .. ဒါနဲ့ အန်တီ ဖိုးထူးရော ..”

“ဒီကောင်လေးလား .. သမီးသွားတော့မယ်ဆိုတာ သိတည်းက တမှိုင်မှိုင်နဲ့လေ .. အရင်ရက်တွေအကုန် အိမ်မြဲနေသား .. ဒီမနက်မှ ဘယ်ထွက်သွားတယ် မသိဘူး ..”

“သြော် .. ဟုတ်လား .. အင်း .. ဒါဆိုလည်း ထားလိုက်ပါတော့လေ .. သမီးနှုတ်ဆက်သွားတယ်လို့သာပြောပေးပါနော် .. မနက်အစောသွားရမှာဆိုတော့ ထပ်လာနှုတ်ဆက်ဖို့ အချိန်မရတော့လောက်ဘူး .. အန်တီ ကျန်းမာရေး ဂရုစိုက်နေနော် .. ပြန်လာမှ တ၀ကြီးပြုစုတော့မယ် .. သမီး ကန်တော့မယ်နော် ..”

“အေး အေး .. သမီးလေး သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ ....................”

----------

ညက အေးဆေး တိတ်ဆိတ်လွန်းတယ် .. မနက်သွားရမယ့် ခရီးအတွက် စိတ်လှုပ်ရှားခြင်း၊ မိဘရိပ်က ခွဲထွက်ရမယ်ဆိုတဲ့ အသိနဲ့ စိုးရိမ်ခြင်း၊ ခေါင်းစဉ်တပ်မရတဲ့ ခံစားချက်တွေ စုပြုံပြီး ကျမ ဒီည အိပ်ပျော်တော့မယ်မထင် .. ဒီလိုနဲ့ မထူးတော့တဲ့အဆုံး ကျမ ခြံထဲပဲ ဆင်းခဲ့လိုက်တယ် .. ဒီည လမသာဘူးပဲ .. ကြယ်လေးတွေရဲ့အလင်းနဲ့ပဲ ခြံထဲကိုဖြည်းဖြည်းဆင်းလိုက်တယ် .. ခြံထဲမှာ ခုံတန်းလေးတခုရှိတယ် .. ခြံနှစ်ခြံမှာ ခြံစည်းရိုးခြားပြီး ကျောချင်းကပ်အနေအထားနဲ့ရိုက်ထားတဲ့ ခုံတန်းလေး .. အရင် ငယ်ငယ်တုန်းကတော့ ဖိုးထူးနဲ့ ထက်ထက် ၂ယောက်သား ကိုယ့်ခြံဘက်ကခုံပေါ် ကိုယ်တက် တယောက်ရဲ့ ခြံကို တယောက်က ဖွ လုပ်ခဲ့ကြတာပဲ .. ခုတော့ ညရဲ့ အေးမြမှုနဲ့ ခုံတန်းလေး၂ခုလည်း အေးစက်စက် .. ခြံထဲက ခုံလေးမှာထိုင်လိုက်ရင်း ..
“ရင်ထဲမှာ ဟန်နီ .. အသည်းမှာ ဟန်နီ .. သိပ်ချစ်ရတဲ့အကြောင်းလေးပြောချင်ခဲ့မိ .. ချစ်ရတာ ဟန်နီ .. လှည့်ကြည့်ပါ ဟန်နီ .. နင်မသိလည်း အမြဲတမ်းမင်းကို သိပ်ချစ်တဲ့သူ တယောက်ဆီ .. တနေ့နေ့တော့ ငါ့ရဲ့ရင်ထဲ မင်းလေးရောက်လာမည် .. ဒါပေမယ့် ဟန်နီ .. တို့နှစ်ယောက်ဘ၀တွေ ဝေးခဲ့ရလေပြီ ..” ခပ်တိုးတိုးလေး သီချင်းညည်းရင်း တစုံတယောက်ကို သတိရမိသလိုလို .. ခုလိုဖြစ်နေတဲ့ ကိုယ့်ကိုကိုယ် သတိထားမိပြန်တော့ ပြန်ပြုံးမိ .. ပြီးတော့ ကိုယ့်ကိုကိုယ်ပဲ ကြိမ်ဆဲလိုက်တယ် .. “အရူးမ” ..

ထိုင်နေရင်း နဲနဲကြာလာတော့ အေးစိမ့်စိမ့်ဖြစ်လာတာနဲ့ အိမ်ထဲပြန်ဝင်ဖို့ ပြင်လိုက်တယ် .. တမှေးတော့ မှေးဦးမှ .. အိမ်ထဲဝင်ဖို့ ခြေလှမ်းအပြင် ..

“မိထက် ..”

“ဟင် .. ဖိုးထူးလား ..”

“အေး .. နင်ခြံထဲဆင်းလာတည်းက ငါရှိနေတယ် ..”

“သြော် .. အင်း .. ငါ ညနေက နင့်အိမ်ဘက် လာသေးတယ် .. နင်မရှိဘူးတဲ့ အန်တီနဲ့ပဲ တွေ့တယ် .. နင်တော်တော်အရှုပ်တွေ လုပ်နေပုံပဲ .. ဟားဟား ..” တင်းကျပ်မှုကို ဖြေလျော့ပေါ့ စကားတွေ အပေါ့ပါးဆုံးဖြစ်အောင် ကျမ ကြိုးစားလိုက်တယ် ..

“..................................”

“အင်း .. အေးဟာ .. ငါလည်း နေရာသစ်ကို သွားရမယ်ဆိုတော့ ရင်တော့ ခုန်သား .. စိတ်ထဲလဲ လုပ်မယ်လို့ စဉ်းစားထားတာတွေ များနေတယ် .. တခြားသူငယ်ချင်းတွေလည်းပါတော့ .. ပျော်ဖို့တော့ ကောင်းမယ် ..”

“..................................................”

“ဟေ .. ဖိုးထူး .. နင်အိပ်သွားပီလားဟ ..”

“ရှိပါတယ် .. နင် တကယ်ပဲ ပျော်နေတာလားဟင် ..”

“ဟင် .. ပျော်တာပေါ့ .. ငါတတ်တဲ့ အတတ်ပညာနဲ့ ငါ့ကိုလိုအပ်တဲ့ သူတွေရဲ့ ကြားထဲမှာနေရမှာ ဘယ်လောက်ကောင်းလဲ ..”

“ငါ .. ငါနင့်ကို စိတ်ပူတယ် .....”

“ဟားဟား .. ငါ ဆရာဝန်ပါဟ .. ကိုယ့်ဟာကိုယ် စောင့်ရှောက်တတ်ပါတယ် .. နင်သာ .. ကိုယ့်ကိုကိုယ်လည်း ဂရုစိုက် .. အန်တီမြင့်ကိုလည်း ဂရုစိုက် .. အဲ ဆရာလုပ်မိပြန်ပြီ နင့်ဖွားလေးက ထုံးစံအတိုင်း .. ဟိ”

“.................................................”

“အင်း .. အေးတယ်ဟ .. အိမ်ထဲဝင်တော့မယ် .. နင်လည်း ၀င်အိပ်တော့လေ .. အအေးမိမယ် .. ဂွတ်ဘိုင်”

“မိထက် ..”

“ဟေ .. ဘာတုန်းဟ ..”

“ခဏလေး ..”

“အေး .. ပြော ..”

“ငါ .. ငါ ဟိုကောင်မလေးနဲ့ ပြတ်သွားပြီ ..”

“သြော် .. ဟားဟားဟား .. ဒါကြောင့် ဒီလောက် ငြိမ်နေတာကိုး .. နင်ကလဲ မပြတ်နိုင်ရင် ပြန်လိုက်ဆက်ပေါ့ဟ .. အိမ်တွင်းအောင်းနေတော့ ဟိုကောင်မလေးက နင့်ဆက်ချင်ရင်တောင် အိမ်လိုက်လာရမယ့် အပေါက် ..”

“မဟုတ်ဘူး ..”

“အင်း .. ထားပါ .. နင်တို့ကိစ္စပဲဟာ .. အဆင်ပြေအောင် ကြည့်လုပ်ကြပေါ့ .. ယူတော့မယ်ဆိုလည်း ငါ့ကို ဖိတ်စာသာပို့လိုက် ..”

“မဟုတ်ပါဘူး ဆို ..”

“ဒါဆို ဟုတ်တာက ဘာလဲ ..”

“ဟုတ်တာက ငါ သူ့ကို မချစ်ဘူး ..”

“ဟင် .. ဖြစ်ရပြန်ပြီ ကိုရွှေထူးရယ် .. ကံဆိုးလို့ ကောင်မလေးတွေ နင်နဲ့လာတွေ့တာနေမယ် ..”

“.................................................”

“ကဲ ဘာပြောဦးမှာလဲ .. နောက်တယောက်အကြောင်းလား .. ဟင်းဟင်း ...”

“နင် .. ငါ့ကို အထင်သေးနေပြီထင်တယ်နော် ..”

“အာ .. ဘာဆိုင်လို့လဲဟ .. နေပါဦး .. နင်ဘာဖြစ်နေတာလဲ .. နင် ငါ့ကို သူငယ်ချင်းအဖြစ် သတ်မှတ်သေးတယ်ဆို နင်လည်း ပြောပြချင်တယ်ဆို ပြောပါ .. ငါ နားထောင်ပေးပါမယ် ..”

“ဟင့်အင်း .. ပြောမထွက်ဘူး ..”

“သြော် .. အေးလေ .. ဒါဆိုလည်း ပြီးတာပါပဲ .. ငါ နယ်ကို ရောက်ရင် ဖုန်းလည်း ဆက်ချင်တိုင်း အဆင်ပြေချင်မှ ပြေမယ်ဟ .. အင်းး .. နင်လည်း ပြောစရာ မရှိတော့ရင် ငါဝင်တော့မယ်လေ ..”

“အင်း .. နင် နားပါတော့ .. ဟိုရောက်လည်း အစစ ဂရုစိုက်ပါ .. နယ်က အစိမ်းဆိုတော့ .. နင့်အမေကို ငါစောင့်ရှောက်ထားပါ့မယ် .. စိတ်မပူနဲ့ .. ပြီးတော့ ငါ နင့်ကို ဖုန်းဆက်မယ်နော် ..”

“ဖုန်းဆက်မှာကို ရေးကြီးခွင်ကျယ်လုပ်လို့ .. အေးအေး .. ဒါဆို ငါဝင်ပြီနော် .. ဂွတ်နိုက် .. အစစ အဆင်ပြေပါစေ ..”
----------

နွေးထွေးတဲ့ ကြိုဆိုမှု အေးမြတဲ့ ပတ်ဝန်းကျင်မှာ ရက်အနည်းငယ်အတွင်း ကျမ နေသားကျလာခဲ့ပြီ .. တခါတလေ ရင်ထဲက ပေါ်လာတတ်တဲ့ အနာနဲ့ လွမ်းဆွတ်မှုက လွဲရင် ဒီနေရာလေးမှာ ပျော်ရွှင်နေခဲ့ပြီ .. မေမေနဲ့ အန်တီမြင့်ဆီ ရက်ခြားဖုန်းဆက်ရင်း ဖိုးထူးရဲ့ လိမ္မာနေလွန်းလို့ ဆိုတဲ့ စကားတွေသာ အပ်ကြောင်းထပ် ကြားနေရပြီ .. ဒါပေမယ့် ဖိုးထူးကိုယ်တိုင်လည်း ကျမဆီ ဖုန်းဆက်ဖို့ မကြိုးစားခဲ့သလို ကျမလည်း အတတ်နိုင်ဆုံး မေ့ဖျောက်ထားရင်းနဲ့သာ ..

တနေ့တော့ ကျမနေရာ စားပွဲလေးပေါ်မှာ စာလေးတစောင် .. ပေးပို့သူနာမည်မှာ ဖိုးထူး တဲ့ .. တည်ငြိမ်နေပြီထင်တဲ့ စိတ်အစဉ် ပြန်လည်လှုပ်ရှားလာပြီး စာကိုဖွင့်ဖောက်နေတဲ့ ကျမလက်တွေ လည်းအနည်းငယ်တုန်ရီနေပါတယ် ..

မိထက် ..

ငါ နင့်နဲ့တွေ့ချိန်က ပြောချင်တာတွေများနေပေမယ့် ဘာစကားမှ ပြောမထွက်ခဲ့ဘူး .. နင့်ဆီဖုန်းဆက်ဖို့ ကြိုးစားတိုင်းလည်း ငါ့မှာ ပြောချင်တာတွေ ရှာမတွေ့ခဲ့ဘူး .. ခုထိလည်း ငါရင်ထဲက ခံစားချက်နဲ့ ကိုက်ညီမယ့် စကားလုံးသုံးဖို့ ငါ ရှာမတွေ့သေးဘူး .. ငါ့အဖြစ်က နင့်အတွက်တော့ အတော်ရယ်စရာ ဖြစ်နေမှာပဲနော် ..

နင် ငါ့ကို ရှောင်ဖယ်ဖယ် လုပ်နေတဲ့ အချိန်ကစလို့ ငါက အများကြီးနားလည်လာခဲ့တယ် .. နင်နဲ့ မျက်နှာချင်းဆိုင်ဖို့တောင် ငါဟာ မရဲတော့သလိုပဲ .. နင့်ပြောင်းလဲမှုက ငါ့အတွက် သိပ်ကြောက်စရာကောင်းနေခဲ့တယ် .. ဒီလိုနဲ့ နင်နဲ့ အဝေးကြီး ဝေးသွားမှာ သိပ်စိုးရိမ်လာတယ် .. ဒါပေမယ့် နင့်ကို ရင်မဆိုင်ရဲဘူး .. နင် သိပ် ရင့်ကျက်သွားတယ် .. အဲဒီရင့်ကျက်မှုက ငါ့ကို အရမ်းခြောက်လှန့်နေပါတယ် .. ငါ အများကြီး အထပ်ထပ်စဉ်းစားပြီးမှ ဒီစာကို ရေးလိုက်တာပါ .. ငါ့ကို မလှောင်လိုက်ပါနဲ့ ..

ရေးမယ်စဉ်းစားပြီး ရေးမထွက်ပြန်ဘူးကွာ .. နင်ရှိတဲ့ဆီ ငါကိုယ်တိုင်လာပြီးပဲ ပြောတော့မယ် .. ခု ရေးလိုက်ရင် နင် ပေါ့ပေါ့လေးထင်သွားမှာစိုးတယ် .. ပြီးတော့ ငါ လက်တွေ့မှာ လိမ္မာရဦးမယ်လေ .. နင် ငါ့အပေါ် ယုံကြည်လာအောင် ငါအရင် ကြိုးစားရဦးမယ် .. နင် ထွက်သွားပြီးတည်းက ငါ လိုက်လာချင်ပေမယ့် မေမေ့ အလုပ်တွေ အရင်ပြီးပြတ်အောင် ဖြတ်နေရလို့ပါ ..

နောက်ဆုံးပြောချင်တာက ငါ့ကို မမေ့ပါနဲ့နော် ..

နင့်ရဲ့
ဖိုးထူး

----------

သဘာဝရဲ့ လှပမှုတွေနဲ့ ငြိမ်းအေးတဲ့ အရပ်မှာ ကျမ ရှိတယ် .. အပြင်လောကကြီး အေးစိမ့်နေပေမယ့် ကျမရဲ့ ရင်ထဲက နှလုံးသားကတော့ ခပ်နွေးနွေး ရင်ခုန်လှုပ်ရှားလို့ .. လုပ်ငန်းခွင်ထဲ ၀င် .. လူနာတွေကို စစ်ဆေးပေး ကျမ အပြုံးတွေက ပိုချိုမြနေတယ် .. အမြဲတွေ့နေကျ လုပ်ဖော်ကိုင်ဖက်တွေက ဒီနေ့မှ သိပ်လှနေပါလား တဲ့ ..

ဟုတ်လား .. ချစ်ခြင်းတခုတည်းကနေ လှပပြည့်စုံမှု လုံခြုံနွေးထွေးမှု ပျော်ရွှင်ချမ်းမြေ့မှု နဲ့ ချိုမြတဲ့ အပြုံးတွေကို မွေးဖွားပေးနိုင်တယ်လား .. တရက်ပေါ့ .. ကျမ သူ့ကို မေးကြည့်ရဦးမယ် ..

Thursday, October 4, 2012

ဟိုရောက် ဒီရောက် (၈)


ပုံမှာ မြင်ရတာကတော့ ဟိုတရက် စိတ်ရူးထပြီး အလုပ်ချိန်ကြီး စားချင်လွန်းလို့ ဆင်းဝယ်စားထားတဲ့ အာလူးကြော်ပါ .. ဘေးနားကတော့ ကော်ဖီပေါ့နော် :P ဟော .. အာလူးကြော်ထုတ်အောက်မှာ ဂဏန်းရှိတယ်လေ .. အဲဒါက 4D ပေါ့ :D

ခုရက်ပိုင်း ကုန်သွားခဲ့တဲ့ အချိန်တချို့ကို ပြန်သတိရသလိုလိုဆိုတော့ သူငယ်များပြန်ချင်နေလား မသိပါဘူး :P စာကလည်း ရေးချင်ပေမယ့် အဆုံးပျောက်ပြီး အစကရှာမရလေ .. ဒါနဲ့ မဖြစ်ချေဘူးဆို ဖြစ်ညှစ်ရေးမယ်ပေါ့ .. အဲဒါလည်း အိပ်ချိန်ရောက်ခါနီးထိ ဘာမှ အကောင်ထည်မပေါ် .. ဒါနဲ့ မြန်မာပြည်ပြန်တုန်း သံတောင်ရောက်တုန်းက ပုံတွေနဲ့ မျက်နှာလုပ်မယ်စဉ်းစားတော့လည်း ပုံတွေ ရွေးဖို့ပျင်းနေပြန်ရော .. ပျင်းဆို ဖဘ က ဂိမ်းထဲ စိတ်ရောက်နေတာကိုး .. ဒီလိုနဲ့ နောက်ဆုံးတော့ တပုံတည်းနဲ့ပြီးမယ့် အာလူးကြော်နဲ့ ကော်ဖီကို ရွေးလိုက်ရတာပါပဲ .. (တကယ်ပါ စာရေးဖို့ အာရုံမရလို့ စိတ်ညစ်)

တကယ်တမ်း စားချင်နေတဲ့ အာလူးကြော်က ဟိုး အရင်တုန်းက တိုးတိုးအာလူးကြော် .. ကိုယ်တွေ ငယ်ငယ်က ကျစ်ကျစ်လေးနဲ့ အရသာရှိရှိလေးဟာ .. ငရုတ်သီးဖတ်နဲ့ အချို့မှုန့်တွေ အသီးလိုက် အဖတ်လိုက်ပါတဲ့ဟာ .. အာလူးသားထူထူလေးနဲ့ စပ်စပ်လေးဟာ .. ကော်ဖီဆိုရင်လည်း ဆုကော်ဖီလို ကြံ့ကော်ဖီလို ကော်ဖီကြမ်းကို သကြားနဲ့ နို့ဆီနဲ့ နှပ်ပြီး ဖျော်ထားတဲ့ဟာ .. အဲလိုလေးပေါ့ .. ဒါပေမယ့်လည်း ဘ၀ပေးအခြေအနေအရ နီးနီးနားနားက တွေ့တဲ့ အာလူးကြော်နဲ့ 3+1 coffee mix ပဲပေါ့လေ .. ခုတော့ အချိန်တွေလည်း ကြာခဲ့သလို တိုးတိုး အာလူးကြော်လည်း လုံးပါး ပါးလာလိုက်တာ အထုပ်ထဲ လေပဲ များနေတော့တာကိုး .. ဒီတော့လည်း လွမ်းရုံပေါ့ ..

ခုရက်ပိုင်း ဖဘမှာ ဂိမ်းတွေ ပြန်ဆော့ပစ်လိုက်တယ် .. ဖဘ တက်လိုက်တိုင်း စိတ်ညစ်စရာ စိတ်ဆင်းရဲစရာတွေချည်းမို့ .. ကိုယ်မတတ်နိုင်တဲ့ ကိစ္စအတွက် မြင်နေ တွေ့နေရင် စိတ်ဆင်းရဲရုံအပြင်လည်း အများကြီး ပိုမထူးနိုင် .. အကြောင်းတွေ ရှိခဲ့လို့ အကျိုးတွေဖြစ်လာပြီပဲလေ .. လူသားတိုင်း ကိုယ်စီ စောင့်ထိန်းရမယ့် ဗြဟ္မစိုရ်တရားတွေ မရှိတော့တဲ့ ဆုတ်ကပ်ကြီးပဲ .. လူတွေ ပိုပျက်စီးလေ ကမ္ဘာကြီးလည်း တနေကထက်တနေ့ ပိုပျက်နေဦးမှာပါပဲ .. ဟိုလူမကောင်းဘူး ဒီလူ မကောင်းဘူး မပြောနဲ့ မဟုတ်ပါဘူး .. ပြောပါ .. မပြောခင်လေး တချက်စဉ်းစား .. ကိုယ်ရောပေါ့ .. ပြီးတော့ ကိုယ်ချင်းစာစိတ်လေးနဲ့ တွေး .. ကိုယ်သာ သူ့နေရာဆိုရင် ဆိုပြီးတော့ပေါ့ .. ကိုယ့်ဘက်အပိုင်း အားလုံးရှင်းပြီဆိုရင်တော့ ပြဿနာရဲ့ ဇစ်မြစ်က ဘာလဲ .. အဲဒါကိုယ် သိပြီလား ထပ်မစဉ်းစားသင့်ဘူးလား .. ဇစ်မြစ်ကိုသိမှ ပြဿနာကို အမြစ်က လှန်နိုင်တော့မှာပေါ့ .. အကောင်းဆုံးအဖြေတခု ကိုယ့်မှာ မရှိပဲ သူများကို ပြစ်တင်တာတော့ မဖြစ်သင့်ဘူးလို့ ထင်မိတာပါပဲ .. ပြီးတော့ ခုနေမြင်နေရတဲ့ ကြုံသလို ၀င်ဆဲတတ်သူများကိုလည်း စိတ်ကုန်မိပါတယ် .. ကိုယ်တိုင်လည်း ကာယကံရှင်မဟုတ်ဘူး .. မျက်မြင်မဟုတ်ဘူး .. သတင်းလေးတက်လာရုံနဲ့ ဆဲလိုက်ဆိုလိုက်ကြတာ မိုးကို မွှန်ရော .. အဲလိုလူတွေ မြင်ရင်တော့ တခုပဲ အတွေးရောက်တယ် .. သြော် .. သူတို့ စိတ်ထွက်ပေါက် ရှာသွားကြတာပဲ လို့လေ ..

ကိုယ်သဘောကျတဲ့ ကိစ္စလေးတခုများ လုပ်ပြလိုက်ရင် .. အို အမလေးး နဲ့ ချစ်သွားကြတာ .. ချက်ချင်း .. ကိုယ်မကြိုက်တာလေး တခုလောက်လည်း မလုပ်လိုက်နဲ့ ဆဲလိုက်မှာ ရစရာကို မရှိတော့ဘူး .. တကယ်တမ်းတော့ ကိုယ်တွေက ကွန်ပျူတာလေးရှေ့မှာထိုင် ဆဲစရာတကွက်တွေ့ ဆဲလိုက် ၀မ်းနည်းစရာတခုတွေ့ ၀မ်းနည်းလိုက် .. ခဏပါပဲ .. မိနစ်ပိုင်း အလွန်ဆုံး နာရီပိုင်းပေါ့ .. ပြီးတော့ သူငယ်ချင်းနဲ့တွေ့ ဟီးဟီး ဟားဟား .. ဘာလဲကို မသိဘူး ..

အဲ .. အာလူးကြော် ကော်ဖီနဲ့ 4D ကနေ ဘယ်လိုလုပ် နိုင်ငံရေးတွေ ပါကုန်ပါလိမ့်နော် .. :D လွန်တာရှိရင် ၀န္တာမိပါ .. ဘာမှ မသိပဲ လျှောက်ရေးမိပါတယ် .. ရန်လည်း မဖြစ်ရဲပါဘူး .. အရှုံးလည်း အားလုံးကို ပေးထားပါတယ် .. အားလုံးကိုလည်း ကြောက်ပါတယ် .. :D

တခုပဲ ထပ်လျှာရှည်ချင်တာက .. လူမှာ မျက်စိနှစ်လုံး နားနှစ်ဖက် နှာခေါင်းနှစ်ပေါက်ပါပေမယ့် ပါးစပ်တပေါက်ပဲပါပါတယ် .. သဘောက များများကြည့် များများနားထောင် (နှစ်ဖက်လုံးနဲ့ နားထောင်) အသက်များများ ရှူပါ .. စကားကိုတော့ လျော့ပြောပါ တဲ့ .. ဖတ်ဖူးထားတာလေး ပြန်သတိရသွားအောင် သတိပေးတာပါ .. (လက်နှစ်ဖက်နဲ့မို့ ဖဘမှာ များများရိုက်တယ်လို့များ ပြောကြဦးမလား မသိဘူးနော် ..) အဲဒါဆိုလည်း လက်နှစ်ဖက် ခြေထောက် နှစ်ဖက်မို့ ဖြစ်နိုင်ရင် ကိုယ်လည်း စိတ်ရှိရင် လိုတဲ့နေရာကို အမြန်ဆုံး ရောက်အောင် သွားပြီး ရှိတဲ့လက်နှစ်ဖက်နဲ့ အလုပ်တွေ များများ လုပ်ပြလိုက်ကြစမ်းပါလို့ပဲ ကြောက်ကြောက်နဲ့ ပြောချင်ပါတယ် .. အားလုံးကို ကြောက်ပါတယ်နော် .. :D

Friday, September 21, 2012

လွမ်းရှာသူ


မိုးပွင့် တပေါက် နှစ်ပေါက်
ကျမကျောပေါ်ခုန်ဆင်းကျလို့
ကောင်းကင်ကို မော်အကြည့်
တိမ်ညိုတန်းတစုံက
ကျမပေါ် အုပ်မိုး
အေးအေး မြမြ နှုတ်ဆက်ကြတယ် ... ။

သြော် ..
ကျမက မိုးရာသီ တည့်တည့်မှာပဲ ... ။

ဟိုမှ ဒီမှ
ဥသြလေးတွေ တွန်သံကြားလို့
နားအစုံ အားစိုက်လို့ အကြည့်
အနီးနားက ဥသြလေး
တွန်သံပေး လွမ်းတေးဆိုတယ် ... ။

သြော် ..
နွေမဟုတ်ပေမယ့် သူလည်း လွမ်းရှာတယ် ထင်ပါရဲ့ ... ။

Wednesday, September 19, 2012

စာအိတ်လေးပေါ်က စာ ??

တခါက သူငယ်ချင်းနှစ်ယောက် ရှိတယ် .. သူတို့က ငယ်တည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေ ဖြစ်သလို တစ်ယောက်နဲ့ တစ်ယောက် ခင်မင် ချစ်ခင်ပြီး အတွေးအမြင်တွေလည်း ဖလှယ်ကြတယ်တဲ့ .. နှစ်ယောက်လုံးမှာ တူညီတဲ့ ၀ါသနာအကျင့် တခုက အလွန်ပဲ အငြင်းအခုန် သန်သတဲ့ .. သူတို့ နှစ်ယောက်ကို ကျော်ကျော်နဲ့ ဇော်ဇော်လို့ ခေါ်ကြပါစို့ ..

တနေ့ ..

ဇော်ဇော်တို့ အိမ်မှာ သူငယ်ချင်းနှစ်ယောက် ဆုံနေတုန်း .. ကျော်ကျော်က သတင်းစာဖတ်ရင်း ငြီးတယ် ..

“သတင်းတွေမှာလည်းကွာ မြင်ရကြားရ တခုမှ သက်သာတယ် မရှိပါလား .. ဟိုနေရာမှ လု လိုက် ဒီနေရာမှာ လူသတ်မှုဖြစ်လိုက် .. အကြောင်းကို ရှာလိုက်ရင် ငွေလိုအပ်မှုကြောင့်ပဲ .. မိသားစု စားဝတ်နေရေးလိုအပ်မှုတွေ ကြောင့်ပဲကွ .. အင်းးး ဒါကြောင့် အူမတောင့်မှ သီလစောင့်မယ်ဆိုတဲ့ စကား ပေါ်လာတာကိုး ..”

ဇော်ဇော်က .. “ဒီလိုလည်းမဟုတ်ဘူးကွ .. အူမ မတောင့်လည်း သီလဆိုတာ စောင့်ထိန်းရမယ့် အမျိုးလေ .. ထားပါတော့ .. တချို့ သိပ်ကို နွမ်းပါးနေသူတွေ လိုအပ်ချက်တွေကြောင့် သီလ မစောင့်ထိန်းနိုင်ဘူး ထားပါ .. တချို့များကျတော့ အူမလည်း တောင့်ပါရဲ့ .. လွယ်လွယ်သာ ရမယ်ဆို ရတဲ့အခွင့်အရေးထက်တောင် ပိုယူချင်ပြီး သီလတွေဖောက်နေတာကျတော့ရော .. ဒါကြောင့် လွယ်ရင် သူကြွယ်တောင် မနေဘူးဆိုပြီး ဖြစ်လာတာပေါ့ ..”

ကျော်ကျော် - “အင်း .. ဒါလည်း ဟုတ်တာပဲ ..”

ဇော်ဇော် - “ဒါလည်း ဟုတ်တယ် လုပ်မနေနဲ့ .. သွားမယ် ဆိုင် .. ဆိုင်ဖွင့်နောက်ကျနေမယ် ..”

ကျော်ကျော်နဲ့ ဇော်ဇော်က ကျောင်းပြီးတည်းက ကွန်ပျူတာ မိတ္တူဆိုင်လေး တပိုင်တနိုင်ဖွင့်ထားရင်း သင်တန်းတွေ တယောက်တလှည့် တတ်ကြတယ် .. စိတ်ကူး မျှော်လင့်ချက်ရောင်စုံနဲ့ အနာဂတ်ကို လျှောက်လှမ်းရင်းပေါ့ ..

နေ့လည်စာစားချိန် ချိုင့်ဆွဲစားတဲ့ဆီက လာပို့ပေးတဲ့ ချဉ်ရည်ဟင်းနဲ့ ကြက်သားဟင်းကို စားပြီး သူတို့ ရေနွေးခွက်ကိုယ်စီနဲ့ ဆိုင်ရှေ့က ဧည့်သည်တွေလာရင် ထိုင်ပြီးစောင့်နိုင်အောင် ချထားတဲ့ ခုံလေးတွေမှာ ကိုယ်စီဝင်ထိုင်လိုက်ကြတယ် .. ဆိုင်အပြင်ဘက်မှာလည်း မုန့်ဟင်းခါး အစုံသုပ် ဒုတ်ထိုးနဲ့ ရာသီစာ အသီးရောင်းတဲ့ အသည်တွေ ကိုယ်စီ အထမ်းလေးတွေနဲ့ .. နေ့လည်စာ စားချိန်ဖြစ်လို့ ရုံးပေါင်းစုံက ၀န်ထမ်းတွေလည်း ဥဒဟို သွားလာနေကြတယ် .. သူတို့ဆိုင်လေး ရှိရာနေရာကိုက အချိန်ပြည့်စည်ကားနေတတ်သေးတာ .. အဲဒီအချိန်မှာပဲ ..

ဇော်ဇော် - “ဖိုးကျော် .. ဟိုမှာ ကြည့်စမ်း ..”

ဖိုးဇော် ပြတဲ့နေရာကို ကြည့်လိုက်တော့ .. ဒုတ်ထိုးဆိုင်မှာ ဦးလေးကြီးတယောက် ဒုတ်ထိုးတွေ ၀ယ်နေတယ် .. အ၀တ်စားကို ကြည့်ခြင်းအားဖြင့် သိပ်မွဲမွဲတေတေလည်း မဟုတ်သလို အပြည့်စုံကြီးလည်း မဟုတ်တဲ့ ပုံသဏ္ဍာန် .. ဆိုင်တွေမှာ စားနေကျ ဖောက်သည်တွေကို မျက်မှန်း တန်းမိနေတာ များပေမယ့် ခု လူကြီးကိုတော့ ပထမဆုံး မြင်ဘူးတာပဲ .. လက်ထဲက ဘာတွေထည့်ထားလို့ ဖောင်းကားနေမှန်း မသိတဲ့ ပိုက်ဆံအိတ်တဖက် .. ဒုတ်ထိုးအိတ်တွေတဖက်နဲ့ ရှုပ်ရှက်ခတ်နေရင်း လက်ထဲက ပိုက်ဆံအိတ်ထဲက စက္ကူအိတ်လေး ပြုတ်ကျသွားခဲ့တယ် .. ဒုတ်ထိုးဗန်းဘေးနားတင် ဖြစ်နေတာမို့ မြင်လိုက်တဲ့သူကတော့ ဒုတ်ထိုးသည်လေးပါပဲ .. အလျင်အမြန်ပဲ ဒုတ်ထိုးသည်လေးက ကောက်ယူလိုက်တယ် .. ပြီးတော့ ဘေး ဘယ်ညာကြည့်ပြီး လူတိုင်း ကိုယ့်အလုပ်နဲ့ ကိုယ်ရှုပ်နေတာမြင်လိုက်မှ ဂျီးအထပ်ထပ်နဲ့ အ၀တ်စုတ်မှာ သူ့အဆီဝေ့နေတဲ့ လက်ကို သုတ်ပြီး အိတ်လေးကို ဖွင့်လိုက်တော့ အထဲမှာ ၅၀၀၀ တန်တွေ မရှိဘူးဆို ၁၀ရွက် အရွက် ၂၀ လောက် .. စာအိတ်ပေါ်မှာ စာတန်းလေးတခုရှိနေတာ ကျနော်တို့ ၂ယောက်လုံးမြင်ပေမယ့် ဘာဆိုတာတော့ သိပ်မကွဲပြား .. ကောင်လေးလည်း ဖတ်နေရင်း .. ပြီးမှ ခုနက လူကြီး ထွက်သွားရာဘက်ကို အပြေးလေး လိုက်သွားတော့တယ် .. ကျနော်တို့ ၂ယောက်လုံး စိတ်ဝင်တစား စောင့်ကြည့်နေမိတယ် .. မကြာဘူး ခဏအတွင်း ကောင်လေး ပြန်ရောက်လာပြီး မျက်နှာလည်း ပြုံးရွှင်လို့ သူ့အလုပ်တွေသူ ဆက်လုပ်နေတော့တယ် .. ကျနော်တို့ ၂ယောက် တယောက်မျက်နှာ တယောက် ကြည့်မိပြီး ကောင်လေးရဲ့ သီလအပေါ် အသိမှတ်ပြု လေးစားစိတ်ကိုယ်စီ ဖြစ်သွားခဲ့တယ် ..

ပြီးတော့ -

ဇော်ဇော် - “အဲဒါပဲကွ .. အူမ မတောင့်လည်း သီလ စောင့်တဲ့သူ ဆိုတာ .. မင်းစဉ်းစားကြည့် အိတ်ထဲမှာ အနည်းဆုံးတော့ ၄ ၅ သောင်းလောက် ရှိနိုင်တယ် .. အဲဒီ၎ ၅ သောင်းဆိုတာ ဒီကောင်လေးအတွက် ၁ရက်စာအမြတ်ထက် မနည်းလောက်ဘူးပဲ .. ဒါပေမယ့် ကောင်လေးက သူ့သီလကို ပိုတန်ဖိုး ထားခဲ့တယ် .. သီလဆိုတာ သူ သိချင်မှလည်း သိနိုင်ပေမယ့် အနည်းဆုံး ကိုယ်ချင်းစာစိတ် ကြောင့်ပဲ ..”

ကျော်ကျော် - “အေး .. ငါနားလည်လိုက်တာလည်း ကောင်လေး နဲနဲတော့ တွေဝေသွားပုံပဲ .. ဟုတ်တယ်လေ ဘာမှ မလုပ်ရပဲ အလကား ငွေရမယ့် ကိစ္စကိုး .. ဒါပေမယ့် စာအိတ်မှာရေးထားတာလေးဖတ်ပြီး ပိုင်ရှင်ဆီ သူပြေးတော့တာ .. အဲဒီ အိတ်လေးဟာ လခထုတ်ထားတဲ့ စာအိတ်လား .. တစုံတယောက်ကို ပေးဖို့ စာအိတ်လား .. သူ့ သားသမီးအတွက် ကျောင်းလခ စာအိတ်လား .. အဲဒီစာအိတ်ပေါ်မှာ ဘာစာမှ ရှိမနေခဲ့ရင်ရော .. ဒီကောင်လေး ဘယ်လိုဆက်လုပ်မလဲ မသိဘူးကွ ..”

ဇော် - “အင်း .. တကယ်လို့ ဒီစာအိတ်ထဲက ငွေကို ယူပြီး သုံးလိုက်ရင် အလွန်ဆုံး ၁လစာအသုံးပေါ့ကွာ .. ခု သူ့လုပ်ရပ်ကြောင့် သူပြန်တွေးတိုင်း ကြည်နူးနေရမယ့် အဖြစ် .. ကောင်လေး မျက်နှာကြည့် .. သူ့လက်ထဲ ငွေရရချင်း သူချက်ချင်းပျော်ရင်ပျော်မယ် သုံးရလို့လည်း ပျော်ရင်ပျော်မယ် .. ဒါပေမယ့် သူ စာအိတ်လေးကို ပိုင်ရှင်ဆီပေးပြီး ပြန်လာတော့ သူ့မျက်နှာကို ကြည့် .. ဒါဟာ ကိုယ့်အတ္တနဲ့ သူတပါး ပျော်ရွှင်မှုကို အလဲအလှယ် လုပ်လိုက်တာပဲ .. ဒီပျော်ရွှင်မှုက ပိုတည်မြဲမယ် ..”

ကျနော်တို့ ၂ယောက်လုံး ကိုယ်စီအတွေး ထင်မြင်ချက်တွေနဲ့အတူ ကောင်လေးရဲ့ သီလအပေါ် လေးစားဦးညွှတ်ရင်း .. နောက်နေ့တွေမှာလည်း အနီးနားက လူတွေရဲ့ အကျင့် စရိုက်တွေကို ကိုယ်တိုင် ဖတ်ရှုလေ့လာနေဖြစ်ပါဦးမယ် ..

Thursday, September 13, 2012

မျောက်ချောကုန်း၊ ကွင်းကလေး နှင့် ပန်းညိုကွင်း ပရဟိတ ကျောင်းများ

ကုသိုလ်အဖွဲ့မှ ယခု လက်ရှိ ထောက်ပံ့ပေးနေသော ကျောင်းများကို ဒီ ပို့စ်တွင် ဖော်ပြပေးထားပြီး .. အခုတခါ ထပ်မံ ဝေမျှပေးလိုတာကတော့ ပရဟိတ ကျောင်းများဖြစ်တဲ့ မျောက်ချောကုန်း၊ ကွင်းကလေး နှင့် ပန်းညိုကွင်း အစရှိသော နေရာလေးများပဲ ဖြစ်ပါတယ် ..

ကုသိုလ်အဖွဲ့မှ မြန်အောင်မြို့ရှိ ကြယ်ငါးကောက်သူများ အဖွဲ့ နှင့် ဆက်သွယ်၍ ထိုနေရာများသို့ ၂၀၁၂ ၇ လပိုင်းမှ စတင်ပြီး တထောင့်တနေရာမှ ကူညီမှုများ စတင်ခဲ့ပါတယ် ..

ကုသိုလ်အဖွဲ့စတင်စဉ်က ပညာရေးကို ဦးစားပေးကူညီဖို့ ရည်ရွယ်ခဲ့ပြီး ယခု ဖော်ပြပါ နေရာများကိုတော့ ပညာရေးထောက်ပံ့မှု အပြင် ဘက်စုံ လိုအပ်ချက်များကိုပါ အလှူရှင်များနှင့် အလှူငွေရရှိမှုပေါ်မူတည်၍ ပံ့ပိုးနိုင်ခဲ့ပါတယ် ..

မြန်အောက်ဘက်ရှိ ကြယ်ငါးကောက်သူများအဖွဲ့ နှင့် ကုသိုလ်အဖွဲ့မှ ဖော်ပြပါနေရာများသို့ ဖွံ့ဖြိုးတိုးတက်မှုအတွက် ဆောင်ရွက်မှုများကတော့ -
- ကျောင်းတွင် ရှိသော ကလေးများအား အစားအစာနှင့် ပညာရေးအထောက်အကူပြု ပစ္စည်းများကူညီထောက်ပံ့ခြင်း
- ပြဌာန်းစာအုပ်များ ၀ယ်ယူထောက်ပံ့ခြင်း
- ထမင်းစားဆောင် မိုးမလုံခြင်းအတွက် ပြုပြင်ခြင်း
- ကလေးများ အိပ်ယာနေရာများအတွက် ဖယောင်းပုဆိုး ခင်းပေးခြင်း
- ကလေးများ ဖိနပ်ထားရန် ဖိနပ်အုတ်ခုံ ပြုပြင်တည်ဆောက်ခြင်း အစရှိသည်တို့ ဖြစ်ပါတယ် ..

ကုသိုလ်အဖွဲ့မှ ပေးပို့ လှူဒါန်းငွေများ အပြင် မြန်အောင်ရှိ ကြယ်ငါးကောက်သူများအဖွဲ့ဝင်များမှလည်း လစဉ် ထည့်ဝင်ငွေများ ထည့်ဝင်၍ ကျောင်းနှင့် ကျောင်းပတ်ဝန်းကျင် လိုအပ်သော ပြုပြင်မှုများ၊ ကလေးများအတွက် အစာအဟာရလှူဒါန်းခြင်းများ၊ ကျောင်းတက်ရန် မစွမ်းနိုင်တဲ့ နွမ်းပါးသော ကလေးငယ်များကို ကျောင်းထားပေး၍ အပတ်စဉ် ကျောင်းစရိတ် ကူညီထောက်ပံ့မှုများ၊ ရာသီအလိုက် လိုအပ်သော ပစ္စည်းများ ဖြစ်သည့် ထီး၊ ဖိနပ်၊ ထမင်းဗူး အစရှိသော ပစ္စည်းများအား ၀ယ်ယူထောက်ပံ့ခြင်း စသည်တို့ကို ကူညီပံ့ပိုးပေးလျှက် ရှိပါသည် ..

ထိုကျောင်းကလေးများမှာ အတော်ပင် နွမ်းပါး၍ လိုအပ်ချက်များစွာလည်း ရှိနေပါသေးသည် .. လိုအပ်ချက်များကိုလည်း လက်ခံရရှိသော အလှူငွေများနှင့် သင့်လျှော်ညီမျှအောင် သုံးစွဲ၍ ရန်ပုံငွေ ပိုလျှံပါကလည်း ညနေပိုင်း မူလတန်းစာသင်ဝိုင်းများတွင် အာဟာရကျွေးခြင်းများ၊ ထူးချွန်ဆုပေးခြင်းများ စသည်တို့ကို ပြုလုပ်ပေးလျှက်ရှိပါသည် ..

လက်ရှိ ကျောင်းသား/သူ စာရင်းမှာ အောက်ပါအတိုင်း ဖြစ်ပါသည် ..

မျောက်ချောကုန်း ပရဟိတ ကျောင်းသား/သူ (၅၉) ဦး
ကွင်းကလေးကျောင်း ပရဟိတ ကျောင်းသား/သူ (၁၆) ဦး
ပန်းညိုကွင်းကျောင်း ပရဟိတ ကျောင်းသား/သူ (၁၀) ဦး  တို့ ဖြစ်ပါသည် ..

ကြယ်ငါးကောက်သူများ အဖွဲ့ မြန်အောင်မြို့မှ ပေးပို့ပေးခဲ့သော ကျောင်းနှင့် ကလေးများ၏ အနေအထားများကို အောက်တွင် ပုံများဖြင့် ပြန်လည် ဝေမျှထားပါသည် .. 







ယခု လက်ရှိအနေအထားအရ ထိုကျောင်းလေးများအတွက် လိုအပ်ချက်များစွာ ရှိနေပါသေးတယ် .. ကလေးများကို အစာအဟာရ ကျွေးသည်မှစလို့ နေရာထိုင်ခင်းများ ကျောင်းသုံးပစ္စည်းများ အဆုံး လိုအပ်နေပါတယ် .. သို့ပါသောကြောင့် ထိုနေရာလေးများသို့ လှူဒါန်းလိုကြတယ်ဆိုရင် ကုသိုလ်အဖွဲ့ကို ဆက်သွယ်၍သော်လည်းကောင်း မြန်အောင်မြို့ရှိ ကြယ်ငါးကောက်သူများ အဖွဲ့သို့ တိုက်ရိုက် ဆက်သွယ်၍သော်လည်းကောင်း လှူဒါန်းနိုင်ကြပါတယ် ..

ကြယ်ငါးကောက်သူများ အဖွဲ့သို့ ဆက်သွယ် လှူဒါန်းလိုပါက အောက်ဖော်ပြပါ ဖုန်းနံပါတ်များသို့ ဆက်သွယ်မေးမြန်း လှူဒါန်းနိုင်ပါတယ် ..
စင်ကာပူနှင့် တခြားနိုင်ငံများမှ စိတ်ပါဝင်စား လှူဒါန်းလိုသူများ kutho.blog@gmail.com ကုသိုလ်အဖွဲ့သို့ တိုက်ရိုက် မေးဖြင့်ဆက်သွယ်၍ လှူဒါန်းပေးနိုင်ပါတယ် .. ကုသိုလ်အဖွဲ့ဘက်မှလည်း ထိုကျောင်းလေးများသို့ ထောက်ပံ့ပေးနေသော အလှူရှင် အင်အား နည်းပါးနေပါသေးတယ် ..
ယခုလ စက်တင်ဘာ ၂၀၁၂ မှ စတင်ပြီး ကလေးများအတွက် စားစရိတ်ကို ကုသိုလ်အဖွဲ့မှ လှူဒါန်းဖို့ ဆုံးဖြတ်ခဲ့ပါတယ် .. စားစရိတ်အတွက် မျောက်ချောကုန်း (၈၀၀၀၀) ကျပ် နှင့် ကွင်းကလေး(၃၂၀၀၀) ကျပ် လစဉ်ကုန်ကျလျှက်ရှိပါတယ် .. (အတိုးအလျော့လည်း ရှိနိုင်ပါတယ်) .. အကယ်၍ အလှူငွေ ပိုရခဲ့ရင် ကလေးတွေအတွက် လိုအပ်တဲ့နေရာမှာ လစဉ် ကူညီထောက်ပံ့ပေးသွားနိုင်မှာ ဖြစ်ပါတယ် .. သို့ပါ၍ ကလေးများအတွက် ကူညီလှူဒါန်းပေးကြဖို့ ဒီနေရာကနေ တိုက်တွန်းနှိုးဆော် လိုက်ရပါတယ် ..

မှတ်ချက် - ကလေးများအတွက် အစားအစာ စီစဉ်ပေးရာတွင် အသားဟင်းဟု ဆိုစရာ ဘဲဥ လောက်သာ များသောအားဖြင့် ပါပါသည် ..

ကူညီပံ့ပေးမှုများ နှင့် အလှူရှင်များ၏ စေတနာ မေတ္တာများအား အစဉ် လေးစားကျေးဇူးတင်လျှက်

Kutho (http://www.kutho.org/)
Giving many helping hands

မိုးခါး - အဲဒီကျောင်းလေး ကနဦး အစတုန်းက အဲဒီကျောင်းလေးကို ရောက်ပြီး မြင်လာသူတွေ ပြန်ပြောပြလို့ သိရတာပါ .. ထမင်းစားဖို့ ဟင်းဆိုတာ ကလေးတွေ စားလို့ရမယ့်အရွက်တွေခူးလာပြီး အိုးထဲထည့် ရေနဲ့ ပြုတ် ဆားခတ်ပြီး စားခဲ့ရပါတယ် တဲ့ .. တခါလည်း အလှူရှင်ရှိတော့ ကျွေးတာက ၀က်သားဟင်းပေါ့ .. ပြီးတော့လည်း စကေးကိုက် ၁ယောက် ၁တုံးပေါ့ .. အဲဒီမှာ ကလေးတယောက်ကို အသားကို တမျှင်ချင်းမျှင်ပြီး စားပါတယ်တဲ့လေ .. အပြောနဲ့တင် မျက်ရည် လည်ရပါတယ် .. တကယ်ပါ ကိုယ်တွေ စားချင်တာစားနေ ဖြုန်းနေတဲ့အချိန်မှာ တဖက်က သူတို့လေးတွေလို ကလေးတွေ လူတွေအတွက် ရင်ထဲ မကောင်းမိပါဘူး .. နောက်ပိုင်းတော့ အသားဟင်းလေး ၂ရက်လောက်ပါပါတယ် တဲ့ .. အသားဆိုတာ ဘဲဥလိုမျိုးဆီပျံလေးကို ဆိုလိုတာလို့ ဟိုတလောက သိရပါတယ် .. ခုလက်ရှိ ပိုမိုကောင်းပြီး ပြည့်စုံနေပြီဆိုရင်တော့ ၀မ်းသာစရာပါပဲ .. အဲလိုလည်း ဖြစ်နေပါစေ ဆုတောင်းပါတယ် .. ဒီလင့်လေးမှာ ကြည့်ပြီး ပီတိဖြစ်နိုင်ပါတယ် .. ကလေးတွေအတွက် အိပ်ရာခင်းဖို့ အောက်က ဖယောင်းပုဆိုး သွားလှူကြတုန်းကပါ .. 

ပန်းလေးတွေ အမြန်ဆုံး လန်းဆန်းနိုင်ကြစေဖို့ ဆန္ဒပြုရင်း ...


Saturday, September 8, 2012

နံနက်ခင်းသစ် .. သို့

မျက်ဝန်းများကို သတိထားကြည့်ပါ
အရောင်အသွေးစုံလင်နေပါလိမ့်မယ်
တချို့ကညိုမှိုင်းမှိုင်း
တချို့ကအုံ့ဆိုင်းဆိုင်း ...။

ရင်ရဲ့တံခါးဟာမျက်ဝန်းတစုံဖြစ်လိမ့်မယ်
တချို့မျှော်လင့်ချက်နဲ့ တလက်လက်တောက်ပမယ်
တချို့ဆုံးရှုံးမှုနဲ့ ညှိုးညှိုးငယ်ငယ်
တချို့မျက်ဝန်း ကောက်ကျစ်မှုတွေနဲ့ ပြည့်နေတယ် ...။

တချို့မျက်ဝန်းတွေ နှုတ်ခမ်းနဲ့အတူကွေးညွတ်လို့
သူတို့ပြုံးပျော်နေတယ် ...။

ပျော်ရွှင်နိုင်ကြစေ
တရားသဖြင့် ပျော်ရွှင်နိုင်ကြစေ
အငိုမျက်ဝန်းတို့ တိတ်စေ
ပျော်ရွှင်ကြည်နူးမှုလွှမ်းခြုံစေ ...။

နှလုံးသားရဲ့ ယဉ်ကျေးသောတီးလုံး တီးခတ်
နှုတ်ထွက်စကားလေးတွေ မွှေးမြစေ
မေတ္တာတရားနဲ့ လောကကိုခြယ်မှုန်း
ကိုယ့်ပတ်ဝန်းကျင် အေးမြစေ ...။

ဒီလိုနဲ့လောကကို အလှဆင်
ဆင်ယင်ပြုပြင်ကြမယ် ...။

ကပ်ဆိုးတွေကျော်လွန်
နှလုံးသားတွေ နွေးမြ
ချစ်ခြင်းဖြင့် ကမ္ဘာတည်
နံနက်တွေ သစ်စေမည် ...။

Wednesday, August 15, 2012

ပန်းကလေးများ ပွင့်တော့မည် -၃

လွန်ခဲ့တဲ့ ၅လပိုင်း ရန်ကုန်အပြန်ခရီးမှာ ကုသိုလ် Lotus အဖွဲ့အတူ သွားရောက်ခဲ့တဲ့  နောက်ဆုံး ခရီးစဉ်ကတော့ ကွမ်းခြံကုန်း ခရီးစဉ်ပါပဲ .. ခရီးစဉ်တွေအကြောင်းကို ကုသိုလ် website မှာလည်း တင်ထားဖြစ်ခဲ့ပါတယ် .. ကိုယ့်ဘလော့မှာ ကိုယ်ရေးတာကတော့ ကိုယ့်ခံစားချက်လေးပါ ပါတာပေါ့လေ ..း)

ကွမ်းခြံကုန်းကို သွားဖို့အတွက် သံလျင်ကျောက်တန်း ရေလယ်ဘုရားနားက ကွမ်းခြံကုန်းဘက်သွားမယ့် လှေ/သဘောင်္ကို အရင်ရှာရပါတယ် .. ထုံးစံအတိုင်းဆို မနက် ၉နာရီ ၁၀နာရီ ၀န်းကျင်လောက် ထွက်တတ်တော့ အဲ့အချိန်လောက် ရောက်အောင် အဖွဲ့ဝင်တွေ ၁၀-၅-၂၀၁၂ ရက်နေ့ မနက်အစော ၇နာရီလောက်မှာ ကျောက်တန်းသွားတဲ့ ကားတွေရှိတဲ့ တာမွေ အ၀ိုင်းမှတ်တိုင်ကနေ ဆုံပြီး ဘတ်စ်နဲ့ ကျောက်တန်းရေလယ် ဘုရားဆိပ်ကမ်းနားကို သွားရပါတယ် .. ရောက်တော့ ကွမ်းခြံကုန်း၊ မိုးခါးတို့ သွားမယ့် ဘုန်းကြီးကျောင်းရှိရာ ၂ရွာအလိုမှာ ရပ်မယ့် မိသားစုသမ္မာန်လေးတစီးနဲ့ တွေ့ပြီး လိုက်ပါဖို့ ပြောဆို ငွေချေရပါတယ် .. အချိန်မေးတော့ ၁၀နာရီမှထွက်မယ် ဆိုတာနဲ့ အချိန်လိုသေးတာကြောင့် မနက်စာ စားရင်း စောင့်ကြပါတယ် ..

သိရသလောက် အဲ့ဒီ သမ္မာန် (သို့) သဘောင်္လေးတွေ ထွက်တဲ့ အချိန်က ပုံမှန် အတိအကျမရှိပါဘူး .. ၉နာရီ ၁၀နာရီလောက်ထွက်တတ်တယ် ဆိုတာပဲ သိထားပါတယ် .. အကယ်၍များ ထွက်တဲ့အချိန်မမှီလို့ သဘောင်္လွတ်သွားခဲ့ရင် ထပ်မံစောင့်ဆိုင်းရတတ်ပါတယ် .. 
 သံလျင် ကျောက်တန်းရေလည်ဘုရား
  သံလျင် ကျောက်တန်းရေလည်ဘုရား

 အေးအေးဆေးဆေး နားနေရာက ၁၀နာရီ မထိုးခင် သဘောင်္ဆိပ်ကို ရောက်တော့ သဘောင်္က ကမ်းကတောင် ခွာနေပြီ .. အဲတော့မှ ပြူးပြူး ပြာပြာနဲ့ အော်ဟဲ့ ပြောဟဲ့ လုပ်တော့ သဘောင်္က ကမ်းပေါ် ပြန်ကပ်လာပါတယ် .. ဆင်းတဲ့နားကတော့ ရွှံ့တွေနဲ့ အသားတွေငါးတွေ အတင်အချလုပ်တော့ နဲနဲတော့ ညစ်ပတ်ပြီး နံပါတယ် .. :D မတတ်နိုင်ဘူးပေါ့ နင်းရတာပါပဲ .. မှတ်မှတ်ရရ အဲ့နားမှာ မြွေပေါက်လေးတကောင်တောင် သေနေသေးတယ် .. ဓါတ်ပုံကတော့ မရိုက်အားတော့ပါဘူး သဘောင်္တောင် အမှီလိုက်နေရတာ ဆိုတော့ကာ :D .. အပေါ်နားမှာတော့ ဖိနပ်စီးလို့ရပေမယ် .. သဘောင်္ပေါ်တက်တဲ့နားကျတော့ ညစ်ပတ်ပြီး ချောလို့ ဖိနပ်ချွတ်ရပါတယ် .. ပေလို့ ပွလို့ပေါ့ .. မသိနားမလည်ပဲ အဲဒီခြေထောက်ပေကြီးနဲ့ သဘောင်္ပေါ်တက်လိုက်တော့ ပိုင်ရှင်က ဟာ တဲ့ .. ညစ်ပတ်ကုန်ပြီပေါ့ .. မတတ်နိုင်ဘူးလေ .. နင်းပြီးပြီ :P ..


၁၀နာရီ သမ္မာန်စထွက်ပြီး ၂နာရီ ခွဲ ၃နာရီလောက် စီးပြီးချိန်မှာတော့ ကွမ်းခြံကုန်း ဘကကျောင်း ရှိရာ တော်ကေးကျေးရွာနဲ့ ၂ရွာအလိုက ရွာလေးမှာ သမ္မာန် ကပ်ပါတယ် .. အဲဒီကိုရောက်တာနဲ့ သမ္မာန်ပေါ်က ဆင်းရင် ရွံ့ဗွက်တွေကို ဖြတ်ရပြန်ပါတယ် .. မိုးတွင်းဖြစ်ပြီး ကံမကောင်းခဲ့ရင် အဲဒီနွံတွေဟာ ဒူးဆစ်ကျော်လောက်ထိ နစ်တတ်ပါတယ် .. ဒါပေမယ့် အဲဒီရက်မှာတော့ ကံကောင်းစွာပဲ ခြေမျက်စိထိသာ နွံ့တွေရှိခဲ့ပါတယ် ..

 စထွက်ပါပြီ




 ပင်လယ်ဝ အနားပါ .. အဖေက ပုံမြင်တော့ ကြောက်စရာပဲ တဲ့ .. မိုးခါးကတော့ မသိဘူး .. အဲဒီအချိန်တုန်းက ပျော်နေတာ ..

 ရွာလေးအနားကို သမ္မာန်ကပ်ပါတော့မယ်
 မြင်နေရတာကတော့ ရွံ့နွံတွေပါ
 ခုလိုဆင်းပြီး ကမ်းပေါ်ကို တက်ရပါတယ် ..
 ကမ်းပေါ်မှာတော့ ဘုန်းဘုန်းလွှတ်လိုက်တဲ့ ကြိုမယ့်ဆိုင်ကယ်တွေ ရောက်နေပါပြီ
 စီးလာခဲ့သော သမ္မာန် (မိသားစု သဘောင်္လို့ ပြောနိုင်ပါတယ် ..)

 ဗွက်ထဲတိုးခဲ့ကြောင်း အဖွဲ့ဝင်များမှ သက်သေ

ရွာဝင် လမ်းမ
ဘုန်းဘုန်းကျောင်းမှ ကျွေးသော မနက်စာ
 စာသင်ဆောင်
 စာသင်ဆောင်
  စာသင်ဆောင်
 အိပ်ဆောင်
 ကျောင်းဝင်းအတွင်း
 ညနေစာ စားချိန်
 ခုလိုမျိုး အားလုံး ၀ိုင်းဖွဲ့ စားကြရပါတယ်
 နေ့တိုင်းစားကြရတဲ့ ချဉ်ရည်ဟင်းပါ .. (ကန်စွန်းရွက် ၂၀၀၀ ဖိုး)
အလှူရှင် မရှိရင် များသောအားဖြင့် ချဉ်ရည်ဟင်းနဲ့ ငပိရည်နဲ့ပဲ နေ့စဉ်ကျွေးနိုင်ပါတယ် .. အလှူရှင်ကလည်း မရှိတာများပါတယ် ..
 လုပ်အားပေး

 ညစာ
 အဖွဲ့မှ ကူညီထောက်ပံ့ပေးထားသော ကလေးများ
 မှောင်ထဲ ခုလိုပဲ ဆော့ခဲ့ကြတယ်
မမြင်ရင် မမြင်ဘူး မှတ်ပါ ..း)

ရှုံးတဲ့ အဖွဲ့က ကရတယ် :D ကစားနည်းကတော့ ၂ဖက်အသင်းကို နာမည်ဝှက်တွေပေးပြီး တယောက်တလှည့် မျက်လုံးမှိတ် နာမည်ခေါ်ပြီး ခေါင်းပုတ်ကြတာပဲ .. (ကစားနည်း ဘယ်လိုခေါ်တယ် မသိလို့ :D)

ကလေးတွေရဲ့ နေ့စဉ် ဟင်းကတော့ ချဉ်ရည်ဟင်းနဲ့ ငပိရည်ပါ .. ထမင်းကလည်းပုံမှာပြထားတဲ့ ဇလုံနဲ့ ၃ ၄ အိုးတည်ထားရပါတယ် .. ကလေးတွေက စာသင်ချိန်ကလွဲရင် နေကုန် ဆော့တယ် .. ပြီးတော့မောပြီး ဘာနဲ့ဖြစ်ဖြစ် စားကြပါတယ် .. သရေစာမုန့် ဘာမှ မရှိရှာပါဘူး .. ရန်ကုန်နဲ့ မဝေးပေမယ့် သွားလာရေး ခက်ခဲလို့ အလှူရှင် အရောက်နည်းတဲ့ နေရာလည်း ဖြစ်ပါတယ် .. တခါတလေ အလှူရှင်ရှိရင်တော့ အသားလေး ငါးလေး စားရပါတယ် .. အသားငါးဆိုတာလည်း ဈေးဆိုပြီးမယ်မယ်ရရ မရှိတဲ့အတွက် ရချင်မှလည်း ရပါတယ် .. တော်တော်လေး ခေါင်တယ်လို့ ပြောနိုင်ပါတယ် .. ဟင်းဆိုရင်လည်း ကျောင်းက ကိုရင်ကြီးတွေ အလှည့်ကျ ချက်ကြပါတယ် .. အားချိန် နားချိန် ကစားချိန်ရယ်လို့ သီးသန့် မရှိပဲ ကျောင်းကိစ္စတွေ လုပ် ပြီးရင် အငယ်တွေကို ထိန်းကျောင်းရနဲ့ မအားကြရရှာပါဘူး ..

ကလေးတွေက ဧည့်သည်လာတယ်ဆို ပျော်ကြတယ် .. ကိုယ်တွေကို ဆရာမ တဲ့ ..း) စကားတွေ ၀ိုင်းပြော ၀ိုင်းဆော့ ကဗျာတွေ ရွတ်နဲ့ပါ .. စိတ်ချမ်းသာစရာလည်းကောင်း စိတ်မကောင်းလည်း ဖြစ်ရပါတယ် .. သူတို့လေးတွေရဲ့ ဘ၀ကြောင်းလေးတွေ ကိုလည်း ပြောပြတတ်ကြပါတယ် .. အဲဒီအချိန်ကလည်း မိုးတော်တော်ချုပ်တဲ့ထိ မအိပ်ကြပဲ ဆော့ကြ ကဗျာတွေရွတ်ကြနဲ့ ၀ိုင်းနေကြပါတယ် .. အဲဒါနဲ့ပဲ ဘုန်းဘုန်းကိုယ်တိုင်လည်း မအိပ်ရပဲ မီးစက်ကြီးလည်း မောင်းပေးထားရပါတော့တယ် ..

ကလေးတွေတိုင်းလိုလိုမှာ ရည်ရွယ်ချက် စိတ်ကူးလေးတွေ ကိုယ်စီရှိကြပါတယ် .. ဘ၀ကိုလည်း နားလည်နေကြပါပြီ .. သူတို့ ပျော်ကြတယ် .. ဘုန်းဘုန်းနဲ့တကွ ဦးဆောင်ထိန်းကျောင်းပေးတဲ့ ကိုရင်ကြီးများနဲ့ အတူ သူတို့ ပျော်ကြတယ် ..

အဲဒီကျောင်းမှာ ကျောင်းမတက်သေးတဲ့ ကလေးအရွယ်ကစလို့ ၁၀တန်းထိ ကျောင်းသားတွေ ရှိပါတယ် .. သူငယ်တန်းကနေ ၇တန်းထိက ဘုန်းကြီးကျောင်းမှာ သင်ကြား အောင်မြင်ကြပြီး ၈တန်း ၉တန်းကို ဘုန်းကြီးကျောင်းမှာနေရင်း ရွာထဲက ကျောင်းကို သွားတက်ကြပါတယ် .. ထမင်းဗူးကအစလည်း ဘုန်းကြီးကျောင်းကပဲ စီစဉ်ပေးပါတယ် .. ၁၀တန်းကျောင်းသားတွေအတွက်ကတော့ ဘော်ဒါသဘောမျိုး ထားပေးရပါတယ် .. ၅သိန်းလို့ သိရပါတယ် .. ပအို့ ကလေးလေးတွေလည်း ရှိပါတယ် .. ကလေးတယောက်ဆို ရောက်လာတုန်းက တော်တော်လေး ငယ်သေးတာ တဲ့ .. ခုထိလည်း မြန်မာလို မပြောတတ်သေးပဲ ကောင်းကောင်းလည်း နားလည်ပုံ မပေါ်ပါဘူး .. ရောက်တည်းက ပြောတတ်တာဆိုလို့ “ပေ့ပေ့ဆီ ပို့ပေး .. ပြန်ချင်တယ်” တဲ့ ..

ညဘက်ရောက်တော့ ပြန်ဖို့ကို ကားနဲ့ပြန်မယ်လို့ စီစဉ်ထားပြီး ကားလာမယ့်အချိန်က မနက် ၁နာရီဖြစ်ပါတယ် .. ကွမ်းခြံကုန်းခရီးကို ကားနဲ့တမျိုး ရေလမ်းကတမျိုးသွားနိုင်ပါတယ် .. ကားကတော့ မိုးတွင်းဆို မထွက်ပါဘူး .. ကားလမ်းရယ်လို့ သတ်သတ်မှတ်မှတ်မရှိပဲ ကန်သင်းရိုးတွေ ရွာလမ်းတွေက မောင်းရပါတယ် .. အကယ်၍ အပြန်ခရီးကိုလည်း ရေလမ်းက ပြန်မယ်ဆို မနက် ၂နာရီအရောက် ဆိပ်ကမ်းကို ဆင်းရပါမယ် .. ၂နာရီ ဆိပ်ကမ်းကို ရောက်ဖို့ ဆိုင်ကယ် သို့မဟုတ် လမ်းလျှောက်ရပါတယ် .. ဆိုင်ကယ်လမ်းဆိုတာလည်းပဲ လယ်ကန်သင်းရိုးတွေကြားက သွားရတာပါပဲ .. ကံဆိုးပြီး မိုးရွာရင်တော့ လမ်းလျှောက်ပေတော့ .. ဆိုင်ကယ်နဲ့ နာရီဝက်မို့ လမ်းလျှောက်ရင်တော့ ၁နာရီ ၁နာရီခွဲလောက် ကြာပါမယ် .. လူသွားလမ်းမဟုတ်တဲ့ လယ်ကန်သင်းရိုးတွေကမို့ ခရီးလည်း မတွင်လှပါဘူး .. အပြန်မှာတော့ ကားလမ်းသိချင်တာက တကြောင်း မှောင်မှောင်မဲမဲနဲ့ ပင်လယ်ဝနားထိ သွားဖို့ မရဲလှတာက တကြောင်းမို့ ကားနဲ့ပဲ ပြန်ခဲ့ကြပါတယ် ..

ဟိုင်းလပ်ကားလေးတစီး မနက် ၁နာရီပတ်ဝန်းကျင်မှာ ခရီးသည်တွေကို လိုက်လံ ခေါ်ဆောင်ပါတယ် .. အဲဒီကားလွတ်သွားရင်လည်း နောက်ထပ် ကားမရှိတော့ပါဘူး .. အချိန်မှီပြန်ရောက်ချင်ရင်တော့ အချိန်မှီလေး ပြေးရပါမယ် .. Lotus အဖွဲ့က မောင်လေး၂ယောက်ကတော့ စတုန်းက ကားနောက်ဘက်မှာ နေရာရပေမယ့် နောက်တော့ နောက်လူတွေ(အမျိုးသမီးများ) နေရာရဖို့အတွက် ခေါင်မိုးပေါ်က တက်လိုက်ကြရပါတယ် .. အလွန်ဖုန်ထူပြီး လမ်းလည်း အတော်လေး ကြမ်းပါတယ် .. မနက်မိုးလင်း ဒလဘက်ရောက်တော့ အကုန် မျောက်ဖြူတွေ ဖြစ်လို့ပါပဲ ..
စီးလာသော ကား .. လူအပြည့်အလျှံ ကုန်အပြည့်အလျှံ
 ဒလဘက်ကနေ သဘောင်္နဲ့ ရန်ကုန်ဘက် ကူးပါတယ် .. ရန်ကုန်ဘက်ကမ်းကို မြင်နေရပါပြီ ..

 ရန်ကုန် မနက်ခင်း

ရန်ကုန်မြို့ကြီး ငိုက်မြည်းနေဆဲပါ

၂၀၁၂ မေလကသွားခဲ့တဲ့ ကုသိုလ်နဲ့ Lotus အဖွဲ့ရဲ့ ခရီးစဉ် ပြီးဆုံးပါပြီ .. အစစ အဆင်ပြေချောမွေ့ခဲ့တာ Lotus အဖွဲ့က ကိုဇင်မင်းမော်၊ ကိုစိုးပိုင်၊ ကိုမင်းမင်းဇော်၊ မအိဖြူတို့ကြောင့်ပါပဲ .. အကယ်၍များ ခုလို ကူညီပို့ဆောင်ပေးမယ့်သူမရှိခဲ့ရင် အကြောင်းမသိပဲ အတော်လေး ခက်ခဲ့ပါလိမ့်မယ် .. ပြီးတော့ အဖွဲ့က စာသင်စရိတ် ထောက်ပံ့ငွေကို ၂လတကြိမ် သတ်မှတ်ရာ နေရာတွေကို ရောက်အောင် စာရင်းအင်းက အစ ကူညီပေးကြသူများပါ .. အဲဒါကြောင့် အရမ်းပဲ ကျေးဇူးတင်မိပါတယ် .. ပြီးတော့ မော်ကျွန်းကိုရောက်တုန်း အစစ အကုန်ကူညီပေးခဲ့တဲ့ မြို့ခံအကို၂ယောက်ကလည်း ကျေးဇူးတင်စရာ ကောင်းပါတယ် .. ဧည့်သည်တွေဆိုပြီး လိုလေသေးမရှိ အစားအစာက အစ ရေအဆုံး ပြီးတော့ ပဲ့ထောင်စီးတုန်းကလည်း ပဲ့ထောင်ဖိုးကို အတင်းပဲ ပေးသွားပါသေးတယ် ..

တကယ်တမ်းကတော့ လူတိုင်းမှာ နူးညံ့တဲ့ နှလုံးသာ ကိုယ်စီရှိမယ်လို့ ယုံကြည်ပါတယ် .. ဒါပေမယ့် တခါတလေမှာ လှုံ့ဆော်မှုအားမရှိတော့ အရမ်းပဲ တည်ငြိမ်နေမှာပေါ့ .. အကယ်၍များ ကိုယ့်မျက်စိရှေ့မှာ သနားကြင်နာစရာ ဂရုဏာ သက်စရာ မြင်ကွင်းတခုခုမြင်ရင် လူတိုင်း ခံစားမှု တစုံတရာ ဖြစ်မှာ မလွဲပါဘူး .. အဲဒီလို ကိုယ်ချင်းစာတရားရှိတဲ့သူတွေ များလို့သာ ခု မိုးခါးတို့ ရောက်ခဲ့တဲ့ နေရာက ကလေးတွေဟာ အပြည့်မ၀မဟုတ်ရင်တောင် ရာခိုင်နှုန်းတခုလောက်ထိ ပျော်ရွှင်နိုင်ကြပါတယ် .. အဲဒါကြောင့်လည်း ကိုယ်ချင်းစာတရားရှိတဲ့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တိုင်းကိုလည်း ရင်ထဲကနေ အသိမှတ်ပြုပြီး လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိပါတယ် ..

ခု သွားရောက်ခဲ့တဲ့ ခရီးစဉ်က သွားဖူးသမျှ ခရီးစဉ်တွေနဲ့ မတူညီ ကွဲပြားပါတယ် .. ပီတိဖြစ်ရတယ် .. သနားကြင်နာစိတ် ဖြစ်ရတယ် .. ငါတို့ ထပ်ပြီး ဘာလုပ်ပေးနိုင်မလဲ ငါတို့ဘာတွေ လုပ်ပေးချင်လိုက်တာဆိုတဲ့ အတွေးမျိုးတွေ ပေါ်ပေါက်ခဲ့ပါတယ် .. ဖြစ်နိုင်ရင် နောက်ထပ်လည်း ခုလိုပဲ ကလေးတွေဆီ သွားချင်သေးတယ် .. ရှေ့ဆက်ပြီး အားလုံး အတူတူ လက်တွဲလို့ ကလေးများရဲ့ အနာဂတ်အတွက် ဆက်လက် အားပေးကူညီကြပါဦးနော် ..း)

နှစ်သက်မယ်ထင်မိတာလေးတွေ

Related Posts Plugin for WordPress, Blogger...