Tuesday, May 25, 2010

စနေသား ဖြစ်သော မိုးကုတ်သား အမည်တွင်သော

မိုးခါးမှာ အကို အရင်း မရှိပါဘူး .. အကိုဝမ်းကွဲတွေနဲ့တော့ ရင်းရင်းနှီးနှီးပေါင်းလေ့ရှိပါတယ် .. မိုးခါးက အကိုတွေ အစ်မတွေ လိုမျိုးလိုချင်ခဲ့တာ .. ဒါပေမယ့် မေကြီးက မိုးခါးကို အရင်မွေးခဲ့တော့ မိုးခါးက အကြီးဖြစ်နေရောပေါ့ ..

မိုးခါးတို့ အမျိုးက များတယ် .. ၀မ်းကွဲ မောင်နှမတွေဆိုလည်း အများကြီးပဲ .. ပျော်ဖို့ ကောင်းပါတယ် ..

ခုလည်း မြန်မာနိုင်ငံက ၀မ်းကွဲ မောင်နှမတွေနဲ့ ဝေးနေတယ်ဆိုပေမယ့် ဒီမှာ အကိုတွေ အစ်မတွေရထားပါတယ် ..

ဒီနေ့ကတော့ အဲဒီ အကိုတွေထဲက တယောက်ရဲ့ မွေးနေ့ပေါ့ .. မိုးခါးနဲ့ မွေးလတူ အကိုကြီးကို ဒီမွေးနေ့ကစပြီး ပျော်ရွှင်မှု အောင်မြင်မှုတွေနဲ့ တွေ့ဆုံပါစေလို့ ဒီနေရာကနေ ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ် ..

ဟက်ပီးဘတ်ဒေး ပါ မိုးကုတ်သား(ခ)ကိုဘိုကြီး(ခ)ကိုကို(ခ)ကိုဘို(ခ)မိုးစက်ကြီး မွေးနေ့ပေါင်းများစွာ ပျော်ရွှင်မှုများနဲ့ အတူ ပိုင်ဆိုင်ပါစေ ..း))

ဒီနေ့ ချစ်ကိုကြီးကို စပရိုက် လုပ်ဖို့ စီစဉ်ထားပါတယ် .. အားလုံးသော မောင်နှမများက ကိုဘိုရဲ့ မွေးနေ့ကို မေ့ချင်ယောင် ဆောင်နေပါမယ် .. လုံးဝ သတိမရသလို ဟန်ဆောင်ကြပါမယ် .. လုံးဝ အစမဖော်ပဲ နေပါမယ် .. ဒီနေ့က အားလုံးလည်း အလုပ်တက်ရတဲ့ နေ့မို့လို့ ညနေပိုင်းလောက်မှပဲ အစီစဉ်ကို စပါမယ် ..

အစီအစဉ်က ..

ညနေ မိုးချုပ်တဲ့ထိ ဒီ မောင်နှမတွေဆီက မွေးနေ့ဆုတောင်းများ တခုမှ မလာတဲ့အတွက် ကိုဘိုကြီးက စိတ်ဓါတ်တွေ ကျနေပါမယ် .. အဲဒီချိန်မှာ အကြံတူ ဥာဏ်တူ တယောက်က ကိုဘိုကြီးကို အပြင်ခေါ်ထုတ်သွားပါမယ် .. ဒီအချိန်မှာ အိမ်မှာ ရှိနေတဲ့ သူတွေက ကိုဘို့အတွက် မွေးနေ့ စီစဉ်စရာ ရှိသည်များကို စီစဉ်ပါမယ် ..

အားလုံး အဆင်သင့်ဖြစ်ပြီဆိုတဲ့ အချိန်မှာ အကြံတူသူကို အချက်ပေးပါမယ် .. အဲဒီအချိန်မှာ ကိုဘိုက စိတ်ဓါတ်တွေ ကျစွာနဲ့ ပြန်လာပါမယ် .. သူ့မွေးနေ့ကို ဘယ်သူမှ အမှတ်တရ မရှိကြဘူးပေါ့ဆိုပြီး စိတ်မကောင်း ဖြစ်နေပါမယ် ..

အိမ်ကို ပြန်ရောက်တဲ့အချိန်မှာလဲ မီးတွေ အကုန်ပိတ်နေပြီး ဘယ်သူမှ ရှိပုံ မပေါ်ပါဘူး .. စိတ်ဓါတ်ကျလာတဲ့ ကိုဘိုဟာ စိတ်ပျက်လက်ပျက်နဲ့ အိမ်ထဲ ၀င်လာပါမယ် .. အိမ်ရှေ့ကနေ အခန်းထဲ ၀င်လိုက်တဲ့ အခါမှာတော့ .......

"Happy Birthday" ပါ ကိုကို(ခ)ချစ်သောကိုကို ဆိုပြီး မွေးနေ့သီချင်း သီဆိုပါမယ် ..

မွေးနေ့ရှင်ကြီး အကိုကြီး ကိုဘိုကတော့ အံ့သြ ၀မ်းသာခြင်းများနဲ့ပေါ့ .. မငိုနဲ့နော် .. :P

ဒီလိုနဲ့ ကိုဘိုရဲ့ မွေးနေ့ညလေးကို ဖြတ်ကျော်ပါမယ် ..း)))

စိတ်သဘောထား ကောင်းမွန်တဲ့ အေးဆေးလွန်းတဲ့ အကိုကြီး နောက်နှစ်ပေါင်းများစွာ ပျော်ရွှင်မှုများနဲ့ အတူ မွေးနေ့တွေကို ဖြတ်ကျော်နိုင်ပါစေ အကိုကြီးရှင့် ...း)))

စိတ်အနှောင့်အယှက် တနေကုန်ပေးထားတာကို တောင်ပန်းပါဒယ် .. :D :P

ချစ်ညီမ

Monday, May 24, 2010

လျှာတချောင်း၏ အကျိုး အပြစ်

အရှင်ဓမ္မပီယ (ဓမ္မာစရိယ)
သက်တော် (၂၄)နှစ်
ဝါတော် (၄)၀ါ
ကလောင်အမည် – သကျသွေး

(၁၈.၉.၂၀၀၃ ခုနှစ်တွင် ပျံလွန်တော်မူသည်။)
-------------------------------
ကျောင်းဝန်းထောင့်ရှိ အုတ်ဂူဖြူဖြူလေးကို တွေ့လိုက်ရတော့ သူသည် ကြောက်လန့်စိတ် အလျဉ်းဖြစ်မသွားခဲ့ပါ။ တကယ်ဆို နေ၀င်ခါစ သည်အချိန်လေးသည် ကြောက်လန့်စိတ်ဖြစ်ဖို့ အကောင်းဆုံးဖြစ်သည်။

သို့ သော် သူကြောက်လန့် စိတ် ဖြစ်မသွားခဲ့ပါ။

ဂူမျက်နှာပြင်တွင် တွေ့လိုက်ရသော စာကြောင်းလေးများက ကြောက်လန့်စိတ်နေရာကို အစားထိုးဝင်သွားလေလား မသိ။ ပြီးတော့ အုတ်ဂူဖြူဖြူပေါ်တွင် “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏” ဟူသော စာသားလေးကိုလည်း တွေ့ လိုက်ရပါသည်။ သူသည် ကြောက်လန့် စိတ်ထက် စိတ်ဝင်စားသည့်စိတ်က ပိုများသွားသည်။

သူသည် သည်မြို့ကလေးသို့ ညတရားဟောဖို့ နေ့လည်(၃)နာရီခွဲလောက်ကမှ ရောက်လာခဲ့ခြင်းဖြစ်သည်။ ပြီးတော့ သည်မြို့ ကလေးသည် သူ့ အတွက် ပထမဦးဆုံးအကြိမ် ရောက်ဖူးခြင်းလည်း ဖြစ်သည်။။

တရားပွဲက ည(၇)နာရီမှ စမှဆိုတော့ အချိန်ရသေးသည်နှင့် ကျောင်းအောက်သို့ဆင်းခဲ့သည်။ လမ်းလျှောက်ရင်းဖြင့် သည်နေရာကလေးသို့ သူရောက်လာခဲ့ခြင်းဖြစ်သည်။

အသက်၂၄နှစ်ဆိုတာ လောကမှာနေလို့ အကောင်းဆုံးအရွယ်လေး။ ဘာဖြစ်လို့ပါလိမ့်။ ပြီးတော့ စာရေးတဲ့ ဦးဇင်းလေးတဲ့။ ပြီးတော့ စာရေးသည်ဆိုတော့ သူ့အတွက်ပို၍ စိတ်ဝင်စားစရာဖြစ်သွားသည်။ ကို ‘သကျသွေး’ ဆိုသည့် ကလောင်နာမည်လေးကို မဂ္ဂဇင်းတချို့တွင် တစ်ပုဒ်စ၊ နှစ်ပုဒ်စတော့ တွေ့ဖူးသည်၊ များများတော့မတွေ့ဖူး။ သူမဖတ်ဖြစ်သည့် မဂ္ဂဇင်းများတွင် ရေးနေတာလည်းဖြစ်နိုင်သည်။

သူ့အသက်နှင့်တွက်လျှင် ဆယ်စုနှစ်တစ်စုငယ်သော ဦးဇင်းလေး။ စာပေလောကအတွက် ကလောင်တစ်ချောင်း ဆုံးရှုံးသွားသလို သာသနာအတွက်လည်း ရဟန်းတစ်ပါး ဆုံးရှုံးသွားခြင်းဖြစ်သည်။

ပျံလွန်တော်မူသည့် နေ့စွဲကိုကြည့်တော့ ဘာမျှမကြာသေး။ တစ်နှစ်ကျော်မျှသာ ရှိသေးသည်။ အုတ်ဂူလေးပင် သစ်သစ်လွင်လွင် ရှိနေဆဲ။ သူသည် ၂၄နှစ်အရွယ်တုန်းက စာတွေရေးနေခဲ့သည်။ ပြီးတော့ ဓမ္မာစရိယတန်းအတွက် စာတွေလည်းကျက်နေခဲ့သည်။ အုတ်ဂူထဲက ဦးဇင်းလေးလည်း သည်အတိုင်းသာ ဖြစ်နေလိမ့်မည်။

သူသည် ညနေခင်းများစွာကို ပုံစံမျိုးစုံဖြင့် ဖြတ်သန်းခဲ့ဖူးပါသည်။ အပြုံးနှင့်လည်း ဖြတ်သန်းဖူးသည်။ အမုန်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အလွမ်းနှင့်လည်း ဖြတ်သန်းဖူးသည်။ အမောနှင့်လည်း ဖြတ်သန်းဖူးသည်။၊ အပျော် နှင့်လည်း ဖြတ်သန်းဖူးသည်။ ကြောက်လန့် စိတ်နှင့်လည်း ဖြတ်သန်းဖူးသည်။ သည်ညနေခင်းလေးကတော့ ကြောက်စိတ်နှင့် ဖြတ်သန်းနေတာ မဟုတ်တာတော့ သေချာပါသည်။

သူသည် ပင့်သက်ကိုရှိုက်ရင်း အုတ်ဂူနားဆီသို့ တိုးသွားမိသည်။ အုတ်ဂူလေးကို လက်နှင့်ထိလိုက်တော့ ကြမ်းရှရှ အင်္ဂတေသားသည် သူ၏နှလုံးသားကို လာ၍ထိသယောင်၊ ထိလက်စလက်ကို ချက်ချင်းမရုပ်မိ။

ဘာဖြစ်လို့ ပျံလွန်တော်မူသွားပါလိမ့်…….. တစ်ခုခုများဖြစ်ခဲ့လို့လား…။

သူတွေးနေဆဲမှာပင် သူ့နောက်မှ ခြေသံသဲ့သဲ့ ကြားရသည်။ လှည့်ကြည့်လိုက်တော့ သည်ကျောင်းတိုက်၏ ကျောင်းထိုင်ဆရာတော်၊ သက်တော်(၈၀)ခန့်ရှိပြီ ဖြစ်သော ဆရာတော်သည် တောင်ဝှေးကို အားပြုထားသည်။ မျက်မှန်ထူထူ၊ သင်္ကန်းအညိုရောင်ရင့်ရင့်နှင့် ဇရာ၏လက္ခဏာကို ပြနေသော်လည်း ဆရာတော်တစ်ပါးအဖြစ် ပို၍သပ္ပာယဖြစ်နေပါသည်။

ဆရာတော် သူ့ အနားရောက်လာတော့ လက်အုပ်ချီပြီး အရိုအသေပေးလိုက်သည်။

‘ဦးဇင်းလေးက အုတ်ဂူလေးကို ကြည့်ပြီး စိတ်ဝင်စားနေပုံရတယ်’

‘မှန်ပါဘုရား’

‘ဒီအကြောင်းတွေကို တပည့်တော် ဘယ်သူ့မှလည်း ပြောပြ မနေချင်တော့ပါဘူး။ ပြောမပြမိအောင်လည်း သတိထားပါတယ်။ ဦးဇင်းလေးကတော့ စားလည်းရေး တရားလည်းဟောတော့ အများနဲ့ဆက်ဆံနေရတာဆိုတော့ နည်းနည်းလောက်တော့ ပြောပြချင်တယ်။ ပြီးတော့သူက ဦးဇင်းလေးလိုပဲ စာရေးတယ်၊ စာရေးဆရာသိပ်ဖြစ်ချင်တာ၊ မဂ္ဂဇင်းတွေမှာ ဆယ့်လေးငါးပုဒ်တော့ ပါဖူးတယ်’

‘ပြောပါဘုရား၊ ပြီးတော့ ဂူလေးကိုကြည့်ပြီး တပည့်တော်ကိုယ်တိုင်လည်း စိတ်ဝင်စားနေပါတယ်ဘုရား’

‘ဒီဦးဇင်းလေးက ဒီမြို့ကပဲ၊ မိဘတွေကလည်း အတော်အသင့်ချမ်းသာကြပါတယ်။ တပည့်တော်ပဲ အခြေခံစာတွေ သင်ပေး၊ တပည့်တော်ပဲ မန္တလေးကစာသင်တိုက်ကို ကိုယ်တိုင်ပို့ပေးခဲ့ရတာ၊ ဟိုတစ်နှစ်ကပဲ ဓမ္မာစရိယတန်းမှာ သီလက္ခန်တစ်ကျမ်းအောင်လို့ ဆိုပြီး သင်္ကန်းတစ်စုံ ဆုချလိုက်ရသေးတယ်။

လိုရင်းပြောရရင်တော့ ဦးဇင်းလေးရယ်၊ သူနေတဲ့စာသင်တိုက်မှာ ဦးဇင်းတစ်ပါးက သရီးရိုင်ဖယ်ဆိုတဲ့ သင်္ကန်းတစ်စုံပျောက်တယ်တဲ့၊ ပျောက်တဲ့ဦးဇင်းက တပည့်တော်ရဲ့ တပည့်ဦးဇင်းလေးကို စွပ်စွဲတယ်ပေါ့လေ။ နောက်ဆုံး ဘယ်အထိဖြစ်လာသလဲဆိုတော့ ကျန်တဲ့ဦးဇင်းတွေကပါ ယုံလာပြီး စကားတွေဘာတွေ မပြောကြတော့ဘူးတဲ့၊ ပိုဆိုးတာကတော့ ဆွမ်းအတူမစားကြတော့တာပဲ၊
သူများပစ္စည်းခိုးရင် ပါရာဇိကကံကျတာဆိုတော့ ပါရာဇိကကျတဲ့ ဦးဇင်းနဲ့ ဆွမ်းအတူမစားချင်ကြတဲ့ သဘောပေါ့လေ။

အားလုံးက ၀ိုင်းကြဉ်ထားတော့ ဦးဇင်းလေးလည်း တော်တော်လေး အထီးကျန်လာပုံရတယ်။ နောက်တော့ သူကျောင်းထိုင်ဆရာတော်ကို သွားလျှောက်ပြလိုက်တယ်။ ဆရာတော်က ချက်ချင်း သံဃာကုန်ခေါ်ပြီး သြ၀ါဒပေးတယ်။ တပ်အပ် မမြင်ဘဲနဲ့ မစွပ်စွဲဖို့ပေါ့လေ။ သံဃာကြားထဲမှာ ဦးဇင်းလေးက လူးလှိမ့်ငိုနေတယ်တဲ့။ သူမဟုတ်တဲ့အကြောင်းလည်း ကျိန်ပြီး ပြောတယ်တဲ့။

နောက်ဆုံးတော့ သူ့ဇာတိဖြစ်တဲ့ ဘုန်းကြီးရဲ့ ဒီကျောင်းကိုပြန်ရောက်လာတော့တာပဲ။ သူရောက်တဲ့အချိန်က တပည့်တော် ဆွမ်းစားနေတဲ့အချိန် ၁၁နာရီလောက် ရှိပြီ။ ဒါနဲ့ တပည့်တော်ကလည်း “ဦးဇင်း တစ်ခါတည်း ၀င်ဘုဉ်းပေးလိုက်” လို့ ပြောလိုက်တယ်။

ဒါပေမယ့် သူကဘာပြန်ပြောသလဲဆိုတော့ “ဆရာတော်လည်း တပည့်တော်ကို ယုံမှာမဟုတ်ပါဘူး။ တပည့်တော်ကို တစ်ပါးတည်းပဲ ပြင်ပေးပါတဲ့”။ တပည့်တော်ကလည်း “ဟဲ့...ဦးဇင်း၊ ဘာတွေပြောနေတာလဲ၊ လာ...တစ်ခါတည်း ဒီမှာ ၀င်ဘုဉ်းပေး။” လို့ ထပ်ပြောပေမယ့် သူက အကြောက်အကန်ငြင်းနေတာနဲ့ နောက်ဆုံးတော့ သူစိတ်ချမ်းသာပါစေဆိုပြီး ပြင်ကျွေးခိုင်းလိုက်တယ်။

နောက်ရက်တွေမှာလည်း အဲဒီအတိုင်းပဲ တစ်ပါးတည်းပဲ စားတယ်။ ဘယ်သူနဲ့မှလည်း စကားမပြောဘူး။ ပြီးတော့ ကျောင်းထောင့်က
မန်ကျည်းပင်အောက်မှာ အမြဲသွားသွား တရားထိုင်တယ်။ ဒီကိုရောက်ပြီး ၁၅ရက်မြောက်တဲ့နေ့မှာပဲ ဦးဇင်းလေးရယ် ပြောရမှာတောင် စကားမထွက်ရက်ပါဘူး။ အဲဒီ သူတရားထိုင်တဲ့ မန်ကျည်းပင်မှာပဲ ကြိုးဆွဲချ ပျံလွန်တော်မူသွားတယ်။’

‘အို’ သူ့နှုတ်မှ အသံထွက်သည်အထိ အံ့သြသွားပါသည်။ ဆရာတော်က စကားဆက်သည်။

‘ပျံလွန်တော်မူတော့ သင်္ကန်းကြားထဲမှာ စာရွက်ကလေးတစ်ရွက် တွေ့ရတယ်။ ဘာရေးထားသလဲဆိုတော့ “ဘ၀ဆက်တိုင်း သံသယဖြင့် နှိပ်စက်ခံရသူအဖြစ်မှ ကင်းလွတ်ရပါလို၏။” တဲ့။ တပည့်တော်တို့လည်း သူဘာတွေဖြစ်လာခဲ့တယ်ဆိုတာလည်း
မသိရဘူး၊ တစ်မြို့လုံးကလည်း စိတ်မကောင်းကြဘူး။ သူ့အမေဆိုတာကတော့ ပြောမနေပါနဲ့တော့။ အခုဆိုပျံလွန်တော်မူသွားတာ တစ်နှစ်ကျော်ပြီဆိုပါတော့’

‘အဲဒီဦးဇင်းလေးက သင်္ကန်းကို တကယ်ကောယူမိလို့လားဘုရား’

‘အဲဒါပြောမလို့ပဲ….. ပျံလွန်တော်မူပြီး သုံးလလောက်ကြာတော့ သူနဲ့တော်တော်ခင်တဲ့ သူ့ရဲ့သူငယ်ချင်း ဦးဇင်းတစ်ပါးရောက်လာတယ်။
ရောက်လာတဲ့....သူ့ သူငယ်ချင်း ဦးဇင်းဆီက စကားကြားရတော့မှ အားလုံးစိတ်မကောင်းဖြစ်ကြရတယ်။ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သင်္ကန်းပျောက်သွားတာတော့ တကယ်ပျောက်သွားတာပဲ။ ဖြစ်ပုံက အဲဒီဦးဇင်းလေးက ဆွမ်းခံကြွနေတုန်း သူ့ရဲ့ ဦးလေးဘုန်းကြီးက တောကရောက်လာတယ်တဲ့။ မန္တလေးကို ပစ္စည်းလာဝယ်တာတဲ့၊ သေတ္တာပေါ်မှာ သရီးရိုင်ဖယ်သင်္ကန်းကို တွေ့သွားပြီး သဘောကျတာနဲ့ တူလည်းဖြစ်၊ တပည့်လည်းဖြစ်နေတာနဲ့ မပြောပဲ ယူသွားလိုက်တယ်။ ဘူတာကို ချက်ချင်းဆင်းရတာဆိုတော့ ယူသွားတဲ့အကြောင်း ဘယ်သူ့မှလည်း ပြောချိန်မရတော့ဘူး ထင်တယ်။ အဖြစ်မှန်ကို ဘယ်သူမှမသိကြတော့ ပြဿနာဖြစ်ကြတော့တာပဲ။

နောက် တပည့်တော် တပည့်ဦးဇင်းလေး ပျံလွန်တော်မူပြီး နှစ်လလောက်နေမှ သင်္ကန်းပျောက်တဲ့ ဦးဇင်းလေးက သူ့ရွာပြန်မှ ဦးလေးဘုန်းကြီးက သူသင်္ကန်းယူသွားတဲ့ အကြောင်းပြောပြတာတဲ့၊ အဖြစ်မှန်ကို သိရတဲ့အချိန်မှာ အားလုံးကလွန်ကုန်ပြီ။

တစ်ထွာလောက်ရှိတဲ့ လျှာတစ်ချောင်းဟာ သိပ်ကြောက်ဖို့ကောင်းတယ်။ ဘာမဟုတ်တဲ့ စကားတစ်ခွန်းဟာ အသက်တစ်ချောင်းအထိ ဆုံးရှုံးသွားရတယ်။

တပည့်တော် အသက် ရှစ်ဆယ်နီးနေပါပြီ။ တော်ရုံတန်ရုံကိစ္စကို အသက်အရွယ်အရ တရားနဲ့ ဖြေလို့ ရပါတယ်။ ဒီဦးဇင်းလေး ကိစ္စကျတော့ ငယ်ငယ်လေးကတည်းက ကိုယ်တိုင်ပြုစုပျိုးထောင်ပေးခဲ့ရတဲ့ တပည့်ရင်းလေး ဖြစ်နေတော့ သံယောဇဉ်လည်း တော်တော်ဖြစ်မိပါတယ်။ အဲဒါကြောင့် စိတ်ထဲမှာ ဣနြေ္ဒမရတော့ ဖြစ်မိတယ်။ နောက်ဆုံးတော့ သဗ္ဗေသတ္တာ ကမ္မဿကာ သူ့ဝဋ်ရှိလို့ ခံရတာပဲလေလို့ နှလုံးသွင်းလိုက်ရတယ် ဦးဇင်းလေးရယ်’

ဆရာတော်က ဆက်တိုက်ပြောလိုက်ရလို့ ထင်သည်။ သည်မှာပင် စကားကို ရပ်ထားသည်။ စကားက သည်မှာတင် မဆုံးသင့်သေးပါ။ သည့်အတွက် သူကပဲ စကားစလိုက်ရသည်။

“ဆရာတော်ဘုရား။ ဘုရားတပည့်တော် အထင်တော့ ဦးဇင်းလေးအနေနဲ့  ဒီနည်းနဲ့ မဖြေရှင်းဘဲ တခြားနည်းတစ်ခုခုနဲ့  ဖြေရှင်းဖို့ ကောင်းတယ်ဘုရား။ ဖြေရှင်းနည်း မှားသွားတယ် ထင်တယ်ဘုရား။”

”အင်း...ဒါပေမယ့် ဦးဇင်းလေးရယ်...၀ဇီရဗုဒ္ဓိဋီကာမှာ ဂါထာလေးတစ်ပုဒ်ရှိတယ်။
ယေဘုယျေန ဟိ သတ္တာနံ၊ ၀ိနာသေ ပစ္စုပဋ္ဌိတေ။
အနယောနယ ရူပေန၊ ဗုဒ္ဓိမာဂမ္မတိဌတိ။ တဲ့
အဓိပ္ပါယ်ကတော့ “သတ္တ၀ါတွေဟာ ပျက်စီးဖို့ အချိန်တန်လာရင် နည်းဆိုးနည်းမှားဟာ နည်းမှန်ဟန်ဆောင်ပြီး စိတ်မှာ ထင်လာ တတ်တယ်” တဲ့။ တကယ်တော့...လူဟာ ပျက်စီးဖို့ အချိန်တန်လာရင် ဘာနဲ့ မှ ကာကွယ်လို့  မရတော့ပါဘူး။ ကဲ...ကဲ....ဦးဇင်းလေးလည်း တရားဟောရဦးမယ်။
ကြွတော့...ကြွတော့။”

“မှန်ပါဘုရား”

သူ ဆရာတော်ကိုလက်အုပ်ချီပြီး အရိုအသေပေးရင်း နားနေဆောင်သို့ပြန်ခဲ့သည်။ လှမ်းရသည့် ခြေလှမ်းတွေက သိပ်မသွက်ချင်၊ လေးတွဲ့ဖင့်နှေးနေသည်။ ဆရာတော်ကတော့ သူ့တပည့် ဦးဇင်းလေး လဲလျောင်းရာ အုတ်ဂူလေးနားမှာပဲ ရပ်ကျန်ခဲ့သည်။

တစ်ထွာလောက်ရှိသော လျှာတစ်ချောင်းကို သူတော်တော်ကြောက်သွားပါသည်။ ပြီးတော့မုန်းချင်စိတ်လည်း ပေါက်သွားပါသည်။

မြတ်စွာဘုရားလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ အရှင်သာရိပုတ္တရာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဆရာတော်အရှင်ဇနကာဘိဝံသလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မင်းကွန်းဆရာတော်ဘုရားကြီးလည်း
လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်းလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ နပိုလီယန်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဟစ်တလာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ မာသာထရီဇာလည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။ ဘင်လာဒင်လည်း လျှာတစ်ချောင်းကို အသုံးပြုခဲ့သည်။

ထိုလျှာတစ်ချောင်းသည် မကြာခင်ပြာဖြစ်ရဦးမည်။ ပြာမဖြစ်ခင်တော့ ခန္ဓာကိုယ်၏ အစိတ်အပိုင်းတစ်ခုအနေနှင့် အကောင်းအဆိုးတွေ ဖန်တီးနေဦးမည်။ ထိုလျှာတစ်ချောင်းကြောင့်ပင် သူကျင်လည်ရာဝန်းကျင်တွင်ရှိသော သတ္တ၀ါတို့သည် အမြင့်သို့ လည်း ရောက်သွား နိုင်သည်။ အနိမ့်သို့ လည်း ရောက်သွားနိုင်သည်။ အမှောင်ထဲသို့လည်း ရောက်သွားနိုင်သည်။ အလင်းထဲသို့လည်း ရောက်သွား နိုင်သည်။ လျှာတစ်ချောင်းသည် အဖြူအမည်း ကို ကောင်းကောင်း ဖန်တီးနိုင်ပါသည်။

လျှာတစ်ချောင်သည် ပြာဖြစ်သွားလျှင်ကော ဇာတ်သိမ်းသွားပြီဟု ဆိုနိုင်ပါမည်လား။

ဗုဒ္ဓဘာသာ၏ အဘိဓမ္မာသဘောတရားအရ ကံ, ကံ၏အကျိုးဆိုတာ ရှိသည်ပဲလေ။ ကံ, ကံ၏အကျိုးအရ အသက်ထင်ရှားရှိစဉ် ပြုမူပြောဆိုခဲ့သော အမူအရာတို့ သည် ကမ္မသတ္တိတစ်ခုအနေနှင့် ဟိုဘက်ဘ၀အထိ ပါသွားပါလိမ့်မည်။ ပြာဖြစ်သွားလျှင်တော့ ဘာမှ အယူခံခွင့်မရှိတော့။ သတ္တိအားလျော်စွာ သုဂတိ၊ ဒုဂ္ဂတိ တစ်ခုခုက အသင့်ကြိုနေပါလိမ့်မည်။

ပြာမဖြစ်ခင် လျှာတစ်ချောင်းကို အမှီပြုပြီး တမလွန်၏ သုဂတိ ဒုဂ္ဂတိကို ကောင်းကောင်းဖန်တီးနိုင်ခွင့် ရှိနေသေးသည်။ ပြာဖြစ်သွားလျှင်တော့ ဖန်တီးနိုင်ခွင့် ရွေးချယ်နိုင်ခွင့် မရှိတော့ပါ။

ဘာပဲပြောပြော ည(၇)နာရီ ထိုးလျှင်ပင် သူလျှာတစ်ချောင်းကို အသုံးပြုရပါဦးမည်။ သည်တော့လည်း သူ၏လျှာတစ်ချောင်းကို
ကျေးဇူးတင်လိုက်ရပြန်ပါသည်။


ရဝေနွယ်-အင်းမ

မော်လမြိုင်ကျွန်းမြို့ နယ်
ပရိယတ္တိသာသနာနုဂ္ဂဟအသင်း
ရွှေရတုအထိမ်းအမှတ်မဂ္ဂဇင်း (၁၃၁၆-၁၃၆၆)
(“အမြဲစီးဆင်းနေသော မြစ်တစ်ဆင်း အကြောင်း” စာအုပ်မှ ကူးယူဖော်ပြပါသည်။)

ဒီမနက်ပဲ မေးထဲဝင်လာတဲ့ စာလေးပါ .. ပို့ပေးတဲ့သူရော ကူးယူဖော်ပြပေးသူကိုပါ ကျေးဇူးတင်ပါတယ်ရှင် .. မူရင်းကူးယူဖော်ပြသူကို ရှာပေမယ့် မတွေ့လို့ ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ် .. သိတဲ့သူ ရှိရင်လည်း ပြောပြပေးသွားပါ လို့ ..

ပျံလွန်တော်မူသွားတဲ့ ဦးဇင်းလေးအစား စိတ်မကောင်းဖြစ်မိတယ် .. သာသနာအတွက် ကြယ်တပွင့် ဖြစ်လာနိုင်တဲ့ ဦးဇင်းလေးကို နှမြောတသ ဖြစ်မိတယ် .. ဦးဇင်းလေးရဲ့ စာအဟာရတွေနဲ့ လူတွေ အပူမီးတွေကို ငြိမ်းပေးနိုင်မယ့် မဖြစ် မရှိဘူး မပြောနိုင်သလို လူတွေအတွက် အသိဥာဏ်ရှင်သန်စေမယ့် စာမျိုးတွေ ပေါ်ပေါက်အောင် ဖန်တီးပေးနိုင်သူတယောက် ဆုံးရှုံးခဲ့ရတယ် .. သံသယဆိုတာ အလွန်ပဲ ဆိုးရွားပါတယ် .. ခွင့်လွှတ်သည်းခံစိတ်ကလည်း အလွန်ပဲ အရေးပါ ပါတယ် .. အမှားပြုလုပ်သူတွေ အတွက်တောင် အခွင့်အရေးဆိုတာ ရှိသင့်ရင် အမှားမပြုသူအတွက် စွပ်စွဲခံရတယ်ဆိုတာ တကယ်ပဲ ခါးသီးစရာ အဖြစ်ပါပဲ .. အရိယာမဖြစ်သေးသရွေ့ လောကဓံရဲ့ အထုအထောင်းတွေကို ခံနိုင်သည်ဖြစ်စေ မခံနိုင်သည်ဖြစ်စေ ဖြတ်ကျော်ရဦးမှာပါပဲ .. ကိုယ်ပြုခဲ့တဲ့ ကံအကြောင်းတရားတွေ အတွက် အကျိုးအပြစ်တွေကိုလည်း ခံစားနေရဦးမှာပါပဲ ..

ဒီစာကို ဖတ်ပြီးတော့ အတွေးတွေ ရလိုက်ပါတယ် .. တထွာလောက် ရှိတဲ့ လျှာတချောင်းအကြောင်းပေါ့ ..

လူကို မုန်းစေတာလဲ ဒီလျှာပါပဲ .. ချစ်ခင်စေတာလဲ ဒီလျှာပါပဲ .. လူကို အမြင့်ကိုရောက်အောင် ဆွဲဆောင်ပေးနိုင်တာလဲ ဒီလျှာပါပဲ .. စိတ်ဓါတ်တွေ ဟိုးအနိမ့်ဆုံးထိ ရောက်အောင် ဆွဲချပေးနိုင်တာလဲ ဒီလျှာပါပဲ .. ဘယ်လိုမျိုးအသုံးပြုမလဲ အကျိုးပြုမလဲဆိုတာ ကိုယ်တိုင်ပေါ်ပဲ မူတည်ပါလိမ့်မယ် ..

စကားဆိုတာ များများပြောရင် အမှားပါတတ်ပါတယ် .. စကားထဲက ဇာတိပြတယ် ဆိုတာလည်း ရှိသေးတယ် .. ကိုယ့်လျှာက တပါးသူအတွက် အကျိုးရှိစေမယ့် လျှာ မဟုတ်ရင်တောင် သူများအကျိုးပျက်စီးရာ ပျက်စီးကြောင်း ဖြစ်စေမယ့် လျှာတော့ မဖြစ်စေသင့်ဘူးပေါ့ ..

ခုချိန်မှာတော့ ကျမတို့က စာတွေရေးတယ် ရိုက်တယ် ပို့စ်တင်ကြတယ် .. အကြောင်းအရာ အမျိုးမျိုးပေါ့ .. ကိုယ်တွေ့ခဲ့တဲ့ အတွေ့အကြုံတွေကို ရေးတော့ သူများတကာ ဗဟုသုတ ရမယ် .. နမူနာယူလို့ရမယ် .. ကိုယ့်စိတ်ကူး အတွေးအမြင်တွေကို ချပြတော့ သူများတကာ စဉ်းစားခွင့်ရတယ် .. ပညာရပ်ပိုင်းတွေ မျှဝေပေးတော့ ပညာလိုသူတွေအတွက် အကျိုးရှိတယ် .. သုတ ရသတွေ ရေးနိုင်သူတွေကြောင့် ကျမတို့ စိတ်အပန်းပြေကြရတယ် .. ပြီးတော့ လွတ်လပ်စွာနဲ့ ခံစားချက်တွေလည်း မျှဝေပေးနိုင်ပါသေးတယ် .. ခင်မင်သူတွေ ခံစားချက်တူသူတွေ ၀ိုင်းဝန်း မျှဝေခံစား ပေးနိုင်ကြတယ်လေ .. ဘယ်လိုပဲ ဖြစ်ဖြစ် ပေးတဲ့သူက ပေးသလို ယူတဲ့သူကလည်း ယူတတ်သလောက် ရနိုင်ပါတယ် .. ခေါင်းစဉ်တိုင်းမှာ သူ့တန်ဖိုးနဲ့ သူ ရှိပါတယ် .. တန်ဖိုးလည်း ရှိနေသင့်ပါတယ် .. ကိုယ့်စာတကြောင်း စာတပုဒ်က သူများတကာ အကျိုးမရှိရင်တောင် အဆိပ်သင့်စေမယ့် စကားလုံးမျိုးမဖြစ်အောင် ရှောင်ကြဉ်သင့်ပါတယ် .. စကားထဲက ဇာတိပြသလို ကိုယ်ရေးလိုက်တဲ့ စာတပုဒ်ကလည်း ကိုယ့်ရဲ့ အကျင့်စရိုက်တွေကို ထင်ဟပ်စေတဲ့ ပုံရိပ်တွေပဲ မဟုတ်ပါလား .. ကိုယ် အခု ပိုင်ဆိုင်ထားတဲ့ တန်ဖိုးရှိတဲ့ အရာတွေကို အသုံးကျဖို့ ကြိုးစားကြရအောင်ပါ ..

(အတွေးတွေ ပေးတဲ့ စဉ်းစားခွင့်တွေ ဖွင့်ပေးတဲ့ ဦးဇင်း ရဝေနွယ်-အင်းမ၊ ကူးယူ ဖော်ပြပေးသူ နှင့် မေးထဲက ပို့ပေးတဲ့ သူငယ်ချင်း တို့ကို အထူး ကျေးဇူး တင်ပါတယ် ..)

Thursday, May 20, 2010

အမှတ်တရ မြို့များ(ပဲခူးမြို့)

ပဲခူးမြို့ဆိုတာ ကျမ သိတတ်စ အရွယ်တည်းက ကြားနေကျ သွားနေကျ နေရာတခုပဲ ဖြစ်ပါတယ် .. ကျမ ငယ်ငယ်က ဦးလေး နံပါတ် (၄) ပေါ့ .. (တရုတ်ကားတွေထဲက အခေါ်ဆိုရင် :P) အဲဒီဦးလေးက ဆက်သွယ်ရေးက အရာရှိ တယောက်ပါ .. ပဲခူးမြို့မှာ တာဝန်ကျပြီး ကျမတို့ ရောက်ရောက်ဖြစ်တဲ့ အိမ်လေးတအိမ်ရှိပါတယ် .. အတိအကျ မမှတ်မိတော့ပေမယ့် အဲဒီနေရာလေးကို ရေးရေးတော့ မြင်ယောင်နေဆဲပါပဲ ..

ဦးလေးက လူပျိုကြီး .. အဖိုးတို့ အဖွားတို့ကလည်း သွားနိုင် လာနိုင်တဲ့ အချိန်အခါမျိုးပါ .. ပိတ်ရက်လိုမျိုး အချိန်တွေမှာ ကျမတို့ ပဲခူးကို သွားသွားလည်ဖြစ်ပါတယ် .. သွားတိုင်းလည်း လမ်းတလျှောက်မှာရှိတဲ့ ဘုရားပုထိုးတွေကို ၀င်ရောက်ဖူးမျှော်လေ့ ရှိပါတယ် .. ဒီလိုနဲ့ ပဲခူးမြို့ဆိုတာ ကျမနဲ့ မစိမ်းတဲ့ နေရာလေး တခုအဖြစ် ရှိနေပါတယ် ..

သင်္ကြန်တွင်းတွေမှာ ဆိုရင်လည်း ရန်ကုန်မြို့ထဲက ထွက်ပြီး ပဲခူးထိ ရေပက်ခံ ထွက်ခဲ့ကြတာကို သတိရမိတယ် .. လမ်းမှာ ကားက ဘီးပေါက် .. စိုသမျှ ရေတွေ ခြောက် .. ဖြတ်သွားသမျှ ကားတွေက ဟားတာကိုလည်း ခံရပါတယ် .. ကိုယ့်အ၀တ်တွေ ခြောက်ပြီဆိုရင် ဘယ်နားကမှန်းမသိတဲ့ ကလေးတွေက ရေလာလောင်းပြန်ပါတယ် .. ဒီလိုနဲ့ စိုလိုက် ခြောက်လိုက်နဲ့ ကားဘီးပြန်အကောင်းကို စောင့်ကြရပါတယ် .. ပဲခူးနဲ့ ရန်ကုန် လမ်းတလျှောက် မျက်စိထဲ ခုမြင်နေတာကတော့ ဖရဲသီးတွေပါပဲ .. အပုံလိုက် အပုံလိုက် အကြီးကြီးတွေပါပဲ ..

နောက်ပိုင်းတော့ ဦးလေးလည်း ရန်ကုန်ပြန်ပြောင်းရ .. ပဲခူးက အိမ်လေးကိုလည်း ဦးလေးကျန်းမာရေးအတွက် အသုံးပြုဖို့ ရောင်းဖြစ်ခဲ့တဲ့နောက်ပိုင်း ကိစ္စမရှိပဲ ကျမတို့ ပဲခူးကို မရောက်ဖြစ်တော့ပါဘူး .. သင်္ကြန်တွင်းဆိုတာလည်း ဦးလေးတွေ အသက်ကြီးလာတာနဲ့ ခရီးဝေးထွက်ကြတာနဲ့ အိမ်မှာပဲ သောင်တင်နေတာပဲ များပါတော့တယ် ..

ကျန်ခဲ့တဲ့ ၃နှစ်လောက်က ပဲခူးနဲ့ ပြန်ပတ်သက်ဖို့ အကြောင်းဖန်လာပြန်ပါတယ် ..

ပဲခူးမြို့ အောင်သုခ ဓမ္မရိပ်သာကို ဦးလေး ဇနီးမောင်နှံကစပြီး ကျမတို့ မိသားစု တစုလုံးကို မိတ်ဆက်ပေးခဲ့ပါတယ် .. ကျေးဇူးတင်စရာ ကောင်းပါတယ် .. တရားစခန်းကတော့ ပဲခူးမြို့မှာ မ၀င်ဘူးခဲ့ပါဘူး .. ဦးလေးတွေ အဒေါ်တွေ တရားလျှောက်ဖို့ သွားတဲ့အခါ လိုက်သွားဖြစ်ခဲ့ပါတယ် .. ဘုရားရိပ် တရားရိပ်ဆိုတာ တကယ်ပဲ အေးချမ်းပါတယ် .. ခြံဝန်းထဲ ထိုင်နေရင်းနဲ့ကို စိတ်တွေက ကြည်လင်နေတတ်ပါတယ် ..

ဒီလိုနဲ့ ပဲခူးမြို့ကို ၂ လ ၃ လ တခါလောက် ရောက်ဖြစ်ပြန်ပါတယ် .. ကျမက ခရီးလိုမျိုး ထွက်ရမယ်ဆိုရင် ခရီး တိုသည်ဖြစ်စေ ရှည်သည်ဖြစ်စေ နေရာတကာ လိုက်ချင်တာမျိုးပါ .. ခရီးထွက်ရတာ အလွန်ပဲ ပျော်ပါတယ် .. ဒီတော့ ကျမက ဘယ်သွားသွား ပါသည်ပေါ့ ..

ခုတော့လည်း ဦးလေးတွေ အဒေါ်တွေလည်း အသက်လေးတွေ ရလာကြပြီ .. အရင်လို သွားလာတာမျိုးလည်း မကြားဖြစ်တော့ပါဘူး .. ကိုယ်တိုင်လည်း ဒီမှာ ငုတ်တုတ်မေ့နေရသည်ပဲလေ ..

ခုရော ပဲခူးမြို့လေး ဘယ်လိုဘယ်ပုံ ပြောင်းလဲနေခဲ့ပြီလဲ .. ဒီတခေါက် ရန်ကုန်ပြန်ဖြစ်တဲ့အချိန် အဆင်သင့်ရင်တော့ တရက်ခရီးနဲ့ သွားရောက် ကြည့်ရှုချင်ပါသေးတယ် ..

မှတ်ချက် - ကျမရဲ့ အားနည်းချက်က ဘယ်နေရာ ဘယ်အရာဆိုတာကို မှတ်မှတ်သားသား မရှိတတ်ခဲ့တာကိုပါပဲ .. ကိုယ့် မျက်စိထဲ မြင်ယောင်နေပေမယ့် နေရာတွေကို အတိအကျ မဖော်ပြနိုင်ဖြစ်နေပါတယ် .. ဒါကြောင့် သတိရတာကို သတိရသလို ခပ်ရှင်းရှင်းပဲ ရေးမိပါတယ် ..း)

Wednesday, May 19, 2010

အလှူအတွက် နှိုးဆော်ခြင်း

ခုတလော အွန်လိုင်းမှာ မြင်နေရတဲ့ မြန်မာနိုင်ငံမှာ တွေ့ကြုံလိုက်ရသမျှ ဒုက္ခတွေက ကြားရ မြင်ရတာ တချက်ကလေးမှ သက်သာရာ လမ်းကြောင်းမတွေ့မိပါဘူး .. ကိုယ်တတွေ မွေးတည်းက နေလာလိုက်တဲ့ မြန်မာနိုင်ငံမှာ ဆက်တိုက် ကြုံတွေ့နေရတဲ့ ဆင်းရဲ ဒုက္ခတွေကို မြင်တိုင်း ကြားတိုင်း စိတ်မကောင်းဖြစ်ရုံကလွဲပြီးလည်း ကိုယ်တတ်နိုင်တာဆိုလို့ ပိုက်ဆံလေး နဲနဲပါးပါးလှူတာလောက်ပဲ ရှိပါတယ် .. တကယ် လက်တွေ့မှာ ကွင်းဆင်းပြီး လိုက်လံ လုပ်အားပေးနိုင်တဲ့ သူတွေကို တကယ်ပဲ ချီးကျူးမိပါတယ် .. လေးလည်းလေးစားမိသလို ကျေးဇူးလည်း တင်မိပါတယ် ..

မေးထဲကို ၀င်လာသမျှ ရေနဲ့ပတ်သက်တဲ့ ဒုက္ခတွေရဲ့ ပုံတွေတိုင်း ကိုယ့်ရဲ့ရင်ထဲကို ၀မ်းနည်းမှုတွေပါ သယ်ဆောင်ပေးပါတယ် .. ကိုယ့်နိုင်ငံမှ ဟုတ်ရဲ့လားလို့ တွေးမိတဲ့ အထိပါပဲ ..

ငယ်ငယ်တည်းက ကိုယ်သိတဲ့ မြန်မာပြည်က တခါမှ ကပ်ဘေးတွေ ခံရတယ်ဆိုတာ မရှိသလောက်ပါပဲ .. အဲဒီတုန်းက တွေးမိတယ် .. မြန်မာနိုင်ငံက မြန်မာနိုင်ငံသားတွေဟာ များသောအားဖြင့် စိတ်ကောင်းစေတနာရှိကြတယ် .. အလှူရေစက် လက်နဲ့မကွာ ရှိကြတယ် .. ကောင်းမှုကုသိုလ်တွေပြုကြလို့ ကပ်ဆိုးမှန်သမျှ ကင်းလွတ်ခဲ့တာပဲ လို့ပေါ့ .. ခုတော့ .. ကြုံလိုက်ရတဲ့ ကပ်တွေ ကပ်တွေဆိုတာ ရင်နာစရာတွေ ချည်းပါပဲ ..

ကိုယ်ကိုတိုင်က အပြင်ထွက်လိုက်တာနဲ့ ရေဆာတတ်တဲ့သူမျိုးပါ .. ရေဆာတဲ့ဒုက္ခကို ကိုယ်ချင်းစာမိတယ် .. ကိုယ်ရေဆာတယ်ဆိုတာ သောက်ချင်ရင် လွယ်ပါတယ် .. လမ်းဘေးမှာ ၀ယ်သောက်ချင်လဲ နေရာတိုင်းမှာ ဆိုင်ကရှိပြီးသားရယ် ..

ကိုယ့်တိုင်းပြည်က ကိုယ့်ရဲ့ တိုင်းရင်းသားတွေ .. ရေဆာလို့မှ ရေလှူမယ့်သူ မရှိရင် ဆာလောင်မွတ်သိပ်ရမယ့် အဖြစ် .. နေပူကျဲတဲမှာ ရေပုံး ကိုယ်စီနဲ့ ရေစောင့်နေတဲ့ ပုံရိပ်တွေ မြင်မိတဲ့အချိန်မှာ ရင်ထဲ မချိအောင် ခံစားရတယ် .. မြန်မာနိုင်ငံမှာ ကြုံတွေ့နေရတဲ့ ၀ဋ်ကြွေးတွေ ဘယ်တော့များမှ ကုန်ဆုံးပါမလဲ ..

ပုံတွေကိုတော့ ထပ်မတင်တော့ပါဘူး .. အားလုံးလည်း ကြည့်ပြီး မြင်ပြီး ကိုယ့်လိုပဲ ခံစားပြီးလောက်ပါပြီ ..

ပုံတွေ မြင်လိုက်ရတိုင်း ကိုယ့်မြန်မာပြည်မှ ဟုတ်ရဲ့လားလို့ တွေးမိ စိတ်မကောင်းဖြစ်မိရုံကလွဲပြီး ကိုယ်ချင်းစာစိတ် ဖြစ်ရုံကလွဲပြီး ကိုယ်တိုင်လည်း မတတ်နိုင် .. မတတ်နိုင်တဲ့ အထဲကမှ ကိုယ်တတ်နိုင်သလောက်ကလေးပေါ့ ..

သောက်ရေ သုံးရေနဲ့ လိုအပ်သမျှ လှူဒါန်းနိုင်မယ့် လင့်လေးတွေ ကိုယ်လည်း မှတ်ထားရအောင် မှတ်ချင်သူများလည်း မှတ်ထားရအောင် ဒီကနေ အသိပေး နှိုးဆော်လိုပါတယ် ..

ရှင်ဇဋိလ

ဒီနေ့ပဲ မြန်မာနိုင်ငံက အသိ အစ်မတယောက်နဲ့ စကားပြောဖြစ်ပါတယ် .. အပေါ်က လင့်လေးက အဲဒီ အစ်မ ပေးတဲ့ လင့်လေးပါ ..

ခုဆိုရင် အဲဒီဘုန်းဘုန်းက ရေကိစ္စနဲ့ ခရီးတွေထွက်ပြီး ဒုက္ခရောက်နေသူတွေကို ကူညီနေပါတယ်တဲ့ ..

အဲဒီအစ်မကို မိုးရွာနေပြီဆိုလို့ မေးကြည့်မိတော့ .. မိုးတော့ ရွာနေပါတယ်တဲ့ .. ဒါပေမယ့် ရေသန့်ရဖို့က ခက်နေသေးတယ်တဲ့ .. ပြီးတော့ နောက်ပိုင်း ကြုံတွေ့လာနိုင်တဲ့ ရောဂါတွေကို ကာကွယ်ဖို့လည်း လိုအပ်နေပါသေးတယ်တဲ့ ..

ကိုယ်ကိုတိုင် ဒီစာကို ရေးဖို့ မရေးဖို့ စဉ်းစားမိပါသေးတယ် .. လိုအပ် မလိုအပ် ပြန် ချင့်ချိန်ရပါသေးတယ် .. ဒါပေမယ့် မြန်မာနိုင်ငံက ခုဆိုရင် အဘက်ဘက်က ကိုယ်ထူကိုယ်ထစနစ်နဲ့ ထူကို ထူထောင်ရမယ့် အခြေအနေရောက်နေပါပြီ .. ကိုယ့်ကိုကိုယ်သာ အားကိုးရာ မဟုတ်ပါလား ..

အောက်က လင့်နှစ်ခုကတော့ သိတဲ့လူတွေ တော်တော်များမှာပါ .. ဘယ်နေရာကနေ ဘယ်လိုပဲ လှူလှူ အဓိက က ကြုံတွေ့နေရတဲ့ ဒုက္ခတွေ အမြန်ဆုံးအေးငြိမ်းဖို့ပါပဲ ..

RAVEN BDC

စင်္ကာပူ - ကိုဇူလိုင် email: julydream0707@gmail.com
ရန်ကုန် - ကိုရဲဟိန်း mobile: 09 5043302

Lotus Foundation

- ကိုဝင်းထွန်းဆင့် ဖုန်း (+၆၅) ၉၀၂၂၃၆၄၃
- ကိုအောင်ပြည့်စုံအေး ဖုန်း (+၆၅) ၉၁၁၉၇၃၆၁
- ကိုကျော်ဝဏ္ဏ ဖုန်း (+၆၅) ၈၂၃၆၉၁၅၉
- ကိုထင်ကျော် ဖုန်း (+၆၅) ၉၄၂၄၂၉၆၁

- မခင်မမ ဖုန်း (+၆၅) ၉၇၃၃၄၃၀၂

Lotus Foundation မှတဆင့် ရေအလှူပေးလှူလိုပါက -

- ကိုဝင်းထွန်းဆင့်

POSB Savings A/C - 175-43771-1 OCBC Saving A/C - 5535079809
- ကိုအောင်ပြည့်စုံအေး DBS Saving plus A/C - 0206068726
- မခင်မမ POSB Savings A/C - 063-50289-8 သို့ ပေးပို့လှူဒါန်းနိုင်ပါသည်။

Lotus Foundation ကလူမှူရေးလုပ်ငန်းတွေအတွက်တတ်အားသရွှေ့စေတနာနဲ့ကူညီပေးနေကြတဲ့သူတွေစုစည်းထားတာပါ ..

တတ်နိုင်သူတွေ တတ်နိုင်သလောက် တတ်နိုင်တဲ့ ဘက်ကနေ မြန်မာနိုင်ငံကို ကူညီကြရမှာပါပဲ .. ကျမတို့ ဖြုန်းတီးနေတဲ့ ငွေတွေထဲက တချို့တ၀က်ပဲ ဖြစ်ဖြစ် အနည်းအကျဉ်းပဲ ဖြစ်ဖြစ် ကျမတို့ရဲ့ သွေးချင်းတွေအတွက် လှူဒါန်းနိုင်ပါစေ ..

မြန်မာနိုင်ငံကြီး ကြုံတွေ့နေရသမျှ ကပ်ဆိုး ဘေးဆိုးတွေကနေ အမြန်ဆုံး လွတ်ကင်း ချမ်းသာကြပါစေ ..

ခွင့်တောင်းခြင်း - RAVEN BDC နှင့် Lotus Foundation လိပ်စာနဲ့ ဆက်သွယ်ရန် နံပါတ်များကို ဖော်ပြခွင့်ပြုဖို့ ဒီနေရာကနေ ခွင့်တောင်းလိုက်ပါတယ်ရှင် ..

Saturday, May 15, 2010

ဒီနေ့ (၁၅.၅.၂၀၁၀)

ခု ကျမ အသက်အားဖြင့် ၂၅ နှစ် .. နှစ်စဉ်နှစ်တိုင်း မွေးနေ့တွေကို သိသိသာသာရော မသိမသာပါ ဖြတ်သန်းလာခဲ့တာ ခုဆို ၂၅ နှစ် ရှိပြီပေါ့ ..

ပျော်တယ်ဆိုတာ စိတ်ထဲမှာ ကြည်နူးပြီး ပြုံးပျော်နေတာ .. စိတ်ချမ်းသာတယ်ဆိုရင် စိတ်ထဲမှာ ငြိမ်းချမ်း ကြည်လင်နေတာ .. ဒီလိုခံစားချက်တွေကို ပျော်တယ် စိတ်ချမ်းသာတယ် စသည်ဖြင့် အဓိပ္ပါယ်ဖွင့်မယ်ဆိုရင် ကျမက ခု စိတ်လည်း ချမ်းသာနေသလို ပျော်လည်း ပျော်ရွှင်နေပါတယ် ..

အဲဒါတွေ အကုန်လုံးက ကျမ အနားမှာ ရှိနေတဲ့ မောင်နှမတွေ ကြောင့်ပါ .. အဲဒါကြောင့် အကုန်လုံးကို အရမ်းပဲ ကျေးဇူးတင်ပါတယ်လို့ ဒီကနေ ထပ်ပြောပါရစေ ..

ကျမက လတ်တလော ခံစားချက်တွေကို ချရေးဖို့ လက်တွန့်တတ်ပါတယ် .. ဘာလို့ဆိုတော့ ခံစားချက်ဆိုတာ အမြဲတမ်း ပြောင်းလဲနေနိုင်တာမျိုး မဟုတ်လား .. စိတ်ဆိုတာလဲ အချိန်ပြည့် ပြောင်းလဲနေတတ်လို့ လတ်တလော ခံစားရတဲ့ ချစ်ခြင်းမုန်းခြင်းတွေကို ချရေးဖြစ်ဖို့ တော်တော်စဉ်းစားရပါတယ် ..

ခု ချစ်လိုက်ကြ ခု မုန်းလိုက်ကြနဲ့ သံသရာလည်နေတဲ့ ဥပမာတွေ ကြည့်ပြီး ခု ချစ်တဲ့ အကြောင်းတွေ ချရေး တော်တော်ကြာတော့ ပြသနာတွေတက် အမုန်းတွေ ပွားကြမယ့် အဖြစ်မျိုးမဖြစ်ချင် မရောက်ချင်တာလဲပါပါတယ် ..

ဒါပေမယ့် ခုတော့ လက်ရှိတွေ့ကြုံနေတာတွေက ပြောင်းလဲဖို့ ခဲယဉ်းတဲ့ ပြောင်းလဲကြမယ်ဆိုရင်တောင် အချိန်တော်တော်ကြာ ယူကြရလိမ့်မယ်လို့ ထင်မြင်မိပါတယ် ..

ကျမ အခု တွေ့ကြုံနေရတဲ့ သူတွေနဲ့ ခင်မင်ချိန် နှစ်တွေ အများကြီး ချီပြီး မကြာမြင့်သေးပါဘူး .. ဒါပေမယ့် တယောက် အပေါ် တယောက် နားလည်ပေးထားတဲ့ အတိုင်း အတာက မိတ်ဆွေတွေ ဆိုတာထက် သာပါတယ် .. ရှေ့လျှောက် ဒီတိုင်းပဲ ဆက်လက်သွားနိုင်ပါစေလို့လဲ ဆန္ဒပြုပါတယ် .. ကျမတို့အတွက် မိတ်ဆွေတွေဆိုတာက တစိမ်းဆန်ပါတယ် .. ခု ကျမတွေ့နေတာက မိသားစုပါ .. တယောက် အပူတယောက် မျှဝေခံစားနေတဲ့ မိသားစုပါ ..

ကျမတို့ ပြသနာမတက်ကြဘူးလားဆိုရင် တက်ပါတယ် .. ပြီးရင် ပြသနာကို မေ့ပြီး ပြန်ပျော်ရွှင်ကြတယ် ..
ကျမတို့ အားလုံး အရမ်းအဆင်ပြေပြီး တယောက်အပေါ်တယောက် အချိန်ပြည့် ကျေနပ်နေကြလားဆို မကျေနပ်ပါဘူး .. နောင်ဂျိန်ချကြ ပြောကြ ဆိုကြပါတယ် .. ဒါပေမယ့် အချိန်တန်ရင် ဒီ အသိုက်အမြုံလေးထဲပဲ ပြန်ပြန်လာဖြစ်ပြန်ပါတယ် ..

ကျမတို့ သံသရာမှာလည်း အဆက်ဆက် တော်စပ်ပြီးပြီ .. ခုဘ၀မှာလည်း ပြန်လာတွေ့ကြတယ် .. ချစ်ကြတယ် .. ခင်ကြတယ် .. ကျမတို့ တွေ့ဆုံခြင်းတွေကို တန်ဖိုးထားပါတယ် .. ကျမတို့ အတူရှိနေချိန်ကို တန်ဖိုးထားပါတယ် ..

တချိန်မှာ ဒီလူတွေ ခွဲခွာကြရမယ် .. ဒါဟာ သေချာတဲ့သဘောပါ .. ဒါပေမယ့် ခု ကျမတို့ အတူရှိနေတယ် .. အရေးကြီးဆုံး အချိန်က လက်ရှိအချိန် မဟုတ်ပါလား ..

ကျမအပေါ် ချစ်ကြတဲ့ မောင်နှမတွေ အားလုံးကို ကျမကလည်း ချစ်ပါတယ် .. ကျမကို ချစ်လို့လည်း ကျေးဇူးတင်ပါတယ် .. ဒီတိုင်းပဲ ပျော်ပျော်ရွှင်ရွှင် နေသွားကြရအောင်ပါ .. အဆင်မပြေတာ ကြုံလာတိုင်း ကျမတို့ဟာ အထီး မကျန်ခဲ့ဘူး .. ဒါက ဒီ မိသားစုလေး ကြောင့်ပါ .. သွေးသား မတော်စပ်ပါစေ အားလုံးရဲ့ သံယောဇဉ်တွေနဲ့ တည်ဆောက်ထားတဲ့ ဒီမိသားစုလေး အရှည် တည်တံ့ခိုင်မြဲနိုင်ဖို့ ဆန္ဒပြုပါတယ် .. ဘယ်တော့မှ အမုန်းတွေ အာဃာတတွေနဲ့ လမ်းခွဲတဲ့ အဖြစ်မျိုး မရောက်ရအောင်ပါ ..

၁၄ရက်နေ့ ၁၂ နာရီကျော် ၁၅ရက်နေ့ အကူးမှာ ကျမရခဲ့တဲ့ ပျော်ရွှင်မှုအတွက်လည်း ကျေးဇူးတင်တဲ့အကြောင်း ထပ်ပြောပါရစေ ..

အားလုံးက ၀ိုင်းကြိမ်းထားတဲ့အတိုင်း ဘတ်ဒေးအာဘွားတွေအတွက်လည်း ကျေးဇူးပါ .. :D အလုပ် အရှုပ်ခံ အပင်ပန်းခံပြီး စဉ်းစားရှာဖွေထားတဲ့ လက်ဆောင်တွေ အတွက်လည်း ကျေးဇူးပါ ..း))

ကျမအပေါ်ကို ချစ်တဲ့ ခင်တဲ့ သတိတရနဲ့ မွေးနေ့ဆုတောင်းပေးတဲ့ သူငယ်ချင်းအားလုံးကိုလည်း ကျေးဇူးတင်ပါတယ်လို့ ဒီကနေ ပြောပါရစေ ..း)) ..

အကုန်လုံးပဲ ပျော်ရွှင် စိတ်ချမ်းမြေ့ကြပါစေ .. ဆန္ဒတွေ ပြည့်ဝကြပါစေ .. တယောက်ကို တယောက် မေတ္တာထားနိုင်ကြပါစေ ..

အရာအားလုံးအတွက် အားလုံးကို အရမ်း ကျေးဇူးတင်ပါတယ် .. အားလုံးကို ပျော်ရွှင်စေချင်ပါတယ် .. အားလုံး ပျော်ရွှင်နိုင်ပါစေ ...း))

မိသားစုလေး သို့ ..

မိုးခါးအနေနဲ့ မှားတာ လွန်တာ လိုအပ်တာ အားလုံးအပေါ်ရှိခဲ့ရင်လဲ ဒီနေရာကနေ ၀န်ချ တောင်းပန်ပါတယ်လို့ ..း)) ပျော်ရွှင်စွာ ရှေ့ဆက်ကြရအောင်ပါ ..း))

Thursday, May 13, 2010

မွေးနေ့ အကြို

နောက် ၂ရက်နေရင် ကျမရဲ့ အသက် ၂၅ နှစ် ပြည့်ပြီ .. အသက် ၂၅ နှစ်ဆိုတာ အပျိုကြီးစာရင်းလည်း ၀င်ပြီပေါ့ရှင် ..

ဒီရက်ပိုင်းမှာ ကျမ ဖတ်လို့ ပြီးသွားခဲ့တဲ့ စာက ဆရာမ ဂျူးရဲ့ နံရံ၏ အခြားတစ်ဖက် စာအုပ်ပါ .. တော်တော်များများ ဖတ်ပြီးလောက်ပါပြီ .. နောက်တပုဒ်က မနေ့က ညက ဖတ်ဖြစ်လိုက်တာပါ .. "သေမင်းကို ရွေးချယ်ခွင့် ရှိခဲ့သော်" ပါ .. သေတာနဲ့ပတ်သက်တာကြီးပဲ ဖတ်မိနေတယ် .. :P

အရင်တုန်းကတော့ အိမ်ကိုပြောဘူးတယ် .. အမေ့ကိုလေ .. သမီးသာ ကင်ဆာဖြစ်တယ်ဆို မကုနဲ့တော့လို့ .. ကျမက ဆေးရုံတို့ ဆေးခန်းတို့ ကြောက်ပါတယ် .. (ဒီမှာ အမ်စီသွားသွားယူတာက ခြွင်းချက် .. :P) အကယ်၍များပေါ့ .. ကျမအတွက် သေဖို့အချိန်ကို ကြိုသိခဲ့မယ်ဆိုရင် အဲဒီအချိန်အတွင်းမှာ ကျမလုပ်စရာ များများ မရှိပါဘူး .. ကျမချစ်တဲ့သူတွေကို အချိန်ပေးမယ် .. ကျမ လုပ်သင့်လုပ်ထိုက်တဲ့ တရားဘာဝါနာအားထုတ်မယ် .. သေခါနီးလူတယောက်အတွက် ပိုက်ဆံဆိုတာလည်း အသုံးမလိုတော့သလို ရှာဖို့လည်း မလိုအပ်တော့ဘူး ထင်ပါတယ် .. (ဆေးလည်း မကုတော့ဘူးကိုး .. စားဖို့ကတော့ အဆင်ပြေလောက်တယ် ထင်ပါတယ် .. :D)

သေရမှာ ကြောက်လားဆို ကြောက်ပါတယ် .. ကျမက အသားနာမှာတောင် အလွန်ကြောက်တတ်တာလေ .. စက်ဘီးစီးတောင် မသင်တာ ..

သေခါနီး နာမှာကိုလည်း ကြောက်တယ် ..
သေသွားပြီး ကိုယ့်ဝိဥာဉ်ဘယ်ရောက်မှန်းမသိရောက်မှာကိုလည်း ကြောက်တယ် .. (အစတည်းက သရဲက ခပ်ကြောက်ကြောက်ရယ် .. ကိုယ်တိုင်သရဲဖြစ်ရင်တော့ မသိပါ :D)
နောက်ဘ၀ ဘယ်ရောက်မယ်မှန်းမသိပဲ ဆိုးဆိုးဝါးဝါး ဖြစ်မှာကိုလည်း ကြောက်ပါတယ် ..

တခါတလေ ပျော်နေပါးနေရင် သေမယ်ဆိုတာကိုလည်း မေ့နေတတ်တယ် .. အဲဒီအချိန်သာ သေသွားရင် .. ???

ခုစဉ်းစားနေမိတာတော့ ခုတလော ဒုက္ခဆိုတာကို မေ့လျော့ထားမိတာ အချိန်ကြာနေပြီ .. ပျော်နေတာကိုး .. စိတ်ညစ်စရာ သိပ်မရှိလို့ပါ .. ခုချိန် ဖြုတ်ခနဲသေသွားရင် ကျမရဲ့ ၂၅ နှစ်ပြည့် ဆိုတဲ့ မွေးနေ့တောင် လုပ်ဖြစ်နိုင်မယ် မထင်ဘူးနော် ..

သေတဲ့အကြောင်းပြောတာ မင်္ဂလာရှိတယ်တဲ့ .. ကျမ ခု ဒီပို့စ်ရေးတဲ့အချိန်လေးတော့ မင်္ဂလာရှိသွားမယ် ထင်ပါတယ် .. ကိုယ့်ကိုကိုယ်လဲ ဒီအချိန်လေးမှာ ဆင်ခြင်မိသွားလို့ပါ ..

Tuesday, May 4, 2010

ဆောင်းအမှီ နဲ့ ပျို့မှာတမ်း

မြန်မာနိုင်ငံမှာ ရှိတဲ့ ရာသီဥတုထဲမှာဆို ဆောင်းကို နှစ်သက်တယ်လို့ ဆိုနိုင်ပါတယ် .. နွေကတော့ ပူတယ်လေ (ပြောမှလားနော် .. :P) ခုတော့လည်း ဝေးနေပါတယ် ..

ဆောင်းရာသီမှာ အေးအေးချမ်းချမ်းနဲ့ ကွေးရတဲ့ အရသာကို အရမ်းကြိုက်တာကိုး .. မနက် အစောထရတာကိုလည်း မုန်းတယ် .. (ကြီးပွားဦးမယ် :P) တခါတလေတော့လည်း မနက်ကို စောစောထ လျှောက်သွားရတာကို နှစ်သက်ပြန်ရော .. ဆောင်းမှာ မနက်စောစောထလို့ မြင်ရတဲ့ မြူတွေကိုလည်း သဘောကျသေးတယ် ..

မိုးခါးက မြန်မာသီချင်းလေးတွေကို တမင်တကာဖွင့်ပြီး နားထောင်လေ့ မရှိပါဘူး .. ဒါပေမယ့် ကြားဖူးနားဝနဲ့ နားစွဲတဲ့ သီချင်းလေးတွေတော့ ရှိပါတယ် .. အဲဒီထဲက ဆောင်းအမှီ သီချင်းလေးကို မက်မက်ရဲ့ တဂ်အတွက် တင်ပေးလိုက်ပါတယ် ..း)) ဒီသီချင်းကို နားထောင်နေမိရင်း မေကြီး ငြီးတဲ့ အသံလေးကိုတောင် ကြားမိသလိုလိုပါပဲ ..း)

တခြားလည်း နားထဲစွဲတဲ့ သီချင်းလေးတွေ ရှိပါသေးတယ် .. ဥပမာ- ဒေါ်မေရှင်ရဲ့ ပျို့မှာတမ်းလိုမျိုးပေါ့ .. သီချင်း ရှာရင်း နားထောင်ရင်းနဲ့ ထပ်ထပ်ပြီး နားထောင်ချင်စိတ်တော့ ဖြစ်မိပါတယ် ..း)

အောက်မှာ စာသားလေးနဲ့ သီချင်းလေးကို နားဆင်ပေးပါဦးနော် ..း)

ဆောင်းအမှီ

(မြောက်လေအပြန် ဟေမန်ဆောင်းရာသီ ငွေရီငွေနှင်းလေးတွေ ဖြန်းပက်လေတော့သည် ...တစ်ယောက်လေအထံ မောင်အပြန် ဆောင်းအမှီ လာစေချင်လွန်းလို့သာ ခွန်းကာတေးသီ..)၂ (ရွှေရွှေရွှေကျီးလေးအာသည်)၂ တစ်စာစာ သူလဲ တစ်အားအားနဲ့ မြည် တစ်အားအားနဲ့မြည် ပျိုလေးခင်ကို ကျီဆည်နေသည် သာလဲသာနိုင် သာနိုင်ပေသည် အောင်နမိတ်ကောင်းလေးအတည် သာနေကြောင်းလေးအတည် မောင်ရယ်ဆောင်းအမှီ ဒီကနေ့တော့ ရောက်မယ်ထင်ပါသည်...

(အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ အလွန်အေးတဲ့ရာသီ ...မယ်တစ်ရွာ မောင်တစ်မြို့တော့ နေလို့လဲ မဖြစ်နိုင်ပါသည်)၂ နှစ်ကိုယ်အတွေ့ရန်တွေးကြုံသည် မောင်ရယ်ဆောင်းအမှီရောက်အောင် ခင့်ထံ ပြန်ခဲ့စေချင်သည်

((ဆောင်းအမှီ ရောက်အောင်သာပြန်ခဲ့ ခင့်ဆီ မနှောင်းမီ မောင့်ကိုသာ ပျိုစောင့်ရသည် ... သတင်းလေးမသိတော့ နှင်းအေးဘိပေါ့ အတွေးလေးမချိတဲ့ ဆောင်းရာသီ ... )၂ အသည်းတစ်စိမ့်စိမ့်အေးလို့ကြုံသည် ခဲတစ်ငြိမ့်ငြိမ့်ဆွေးလို့ကြုံသည် တစ်နာရီမယွင်းမှီ မောင်ပြန်လာထွေးသည် ဒီရာသီလေး ဆောင်းရာသီလေးအမှီ)၂

(အလွန်အေးတဲ့ရာသီ အလွန်ချမ်းတဲ့ရာသီ အလွန်အေးတဲ့ရာသီ ...မယ်တစ်ရွာ မောင်တစ်မြို့တော့ နေလို့လဲ မဖြစ်နိုင်ပါသည်)၂ နှစ်ကိုယ်အတွေ့ရန်တွေးကြုံသည် မောင်ရယ်ဆောင်းအမှီရောက်အောင် ခင့်ထံ ပြန်ခဲ့စေချင်သည် ...

ဆောင်းအမှီ



ပျို့မှာတမ်း

သီချင်းစာသားတွေ ရေးထည့်ချင်ပေမယ့် သေသေချာချာ သဲသဲ ကွဲကွဲမကြားရလို့ မထည့်ဖြစ်တော့ပါဘူး .. တလွဲတွေ ကြားပြီး တလွဲတွေ ရေးမိနေမှာ စိုးလို့ပါ ..း))



စာရေးပျင်းပြီး မု ပျောက်နေတာကို မက်မက်ရဲ့ တဂ်နဲ့ ပြန်ဖွင့်လိုက်ပါတယ် .. :P

Related Posts Plugin for WordPress, Blogger...