Friday, September 30, 2011

အိပ်မက်တောင်းသူ

မနက်ခင်းအတွက် ကဗျာ လှလှ တပုဒ် ရေးချင်တယ် ..

မနက်ဦးမှာ ရာသီဥတု ကြည်ကြည်လင်လင်နဲ့ မြက်ခင်းစိမ်းစိမ်း ကောင်းကင်ပြာပြာ ကျမတို့ အိမ်ခေါင်မိုးလေးတွေက ပန်းရောင် ထနေမယ် .. သစ်လွင်တောက်ပလို့ စိမ်းစိုလန်းဆန်းလို့ .. ပြူတင်းတံခါးဖွင့်တာနဲ့ မြေနံ့သင်းသင်း မိုးနံ့ရောရင်းရတယ် .. မိုးရနံ့နဲ့ နိုးထတဲ့မနက် စိတ်တွေ ဘယ်လောက် လတ်ဆတ်လိုက်မလဲ .. ဘေးအိမ်တွေက မြက်ရိတ်သံတွေ ကလေးတွေ စီစီညံနှိုးနေသံတွေ ဒါတွေဟာလည်း မနက်ခင်းရဲ့ သင်္ကေတ ..

မနက်အလင်းနေရောင်ခြည်ကို တေးသံသာသာနဲ့ ငှက်လေးတွေက ကြိုတယ် .. သူတို့လည်း အချင်းချင်း မနိုးသေးတဲ့သူတွေကို နှိုးနေတာ နေမယ် .. ဒါမှမဟုတ် သီချင်းတွေ သံပြိုင်ဆိုနေသလားပဲ .. သူတို့တွေ ပျံသန်းလိုက် ရပ်လိုက် နားလိုက် အစာကျွေးမယ့်သူကို စောင့်လိုက် စားလိုက် .. ငြိမ်းငြိမ်းချမ်းချမ်းပဲ .. သစ်ပင်အုပ်အုပ်ကြီးနဲ့ ကမ္ဘာမြေပြင်ကြီးက ပြုံးလို့ သူတို့ရဲ့ ရင်သွေးတွေကို အမြတ်တနိုးကြည့်နေတယ် .. ဒါတွေဟာ သာယာလှပခြင်းရဲ့ သင်္ကေတ ..

အိမ်တိုင်း အိမ်တိုင်း မနက်စာတွေကို အလျှံအပယ်နဲ့ ၀၀လင်လင်စား .. မိသားစုတခုလုံးဟာ ထမင်းဝိုင်းမှာ စုံစုံညီညီရောက်နေကြတယ် .. ကလေးတွေရဲ့ အသံစာစာနဲ့ မုန့်တောင်းသံ ဂျီကျသံ မိဘတွေရဲ့ ချစ်ခင်နှစ်လိုမှု ပြွန်းတဲ့ မေတ္တာသံတွေနဲ့ မနက်ခင်းဟာ အသက်ဝင်နေတယ် .. မိဘတွေက သားသမီးကို ဆူလိုက် ငေါက်လိုက် ချော့လိုက် ခြောက်လိုက် အဖိုး အဖွားတွေကတော့ ပြုံးလို့ တစုစု တရုံးရုံး မနက်ခင်း ထမင်းဝိုင်းလေး စည်ကားနေမယ် ..

မနက်ခင်းတိုင်းမှာ တရားမျှတမှုတွေ ကြီးစိုးလို့ ကိုယ်ချင်းစာမှုတွေ အုပ်မိုးလို့ မေတ္တာတွေနဲ့ ထုံလွှမ်းထားတယ် .. ဘာများ လိုအပ်သေးလဲ .. မေတ္တာအပြည့်နဲ့ အိမ်လေးမှာ အချင်းချင်း မေတ္တာရှိကြသူတွေ နေထိုင်ကြတယ် .. အပြန်အလှန် မေတ္တာထားလို့ လောကကြီးက လှပနေတယ် .. တဦး အပေါ် တဦး ကူညီဖေးမမှုတွေ စောင့်ရှောက်မှုတွေနဲ့ လူတိုင်းရင်ထဲ ဗြဟ္မစိုရ်တရား ကိုယ်စီကိန်းလို့ ..

ကျမတို့ တိုင်းပြည်မှာ စစ်တွေ မရှိတော့ဘူး .. နိုင့်ထက်စီးနင်းမှုတွေ မရှိတော့ဘူး .. ဖိနှိပ်အနိုင်ကျင့်မှုတွေ မရှိတော့ဘူး .. မတရားမှုတွေ မရှိတော့ဘူး ..

အဲဒီတိုင်းပြည်လေး .. ကျမရဲ့ တိုင်းပြည်လေး .. ကျမရဲ့ အိပ်မက် တိုင်းပြည်လေးထဲမှာ .. ကျမရဲ့ မျှော်လင့်ချက် တိုင်းပြည်လေးထဲမှာ ..

ဖြစ်နိုင်ရင် ဒီအိပ်မက်ကို ကျမ မိုးလင်းခါနီးအချိန်မှာ မက်ချင်ပါတယ် .. ကျမရဲ့ အစွဲအလန်းတခုက အဲဒီအချိန်မက်တဲ့ အိပ်မက်ဟာ အပြင်မှာ လက်တွေ့ မကြာမတင် ရောက်လာလိမ့်မယ် တဲ့ ..

မနက်ခင်းလှလှတခုကို ကဗျာအဖြစ် ဖွဲ့သီချင်ခဲ့တယ် .. ဒါပေမယ့် စိတ်ကူးက အိပ်မက်လှလှတခုအဖြစ် အသွင်ပြောင်းသွားခဲ့တယ် .. 

7 ဦးရဲ့ အသံ:

ညီရဲ said...

သူငယ်ချင်းရေ...
စောစောအိပ်လိုက် အဲဒီအိပ်မက်လေး မနက်မိုးလင်းခါနီး မက်ပါစေလို့ ငါဆုတောင်းပေးလိုက်လို့ ...
ဧရာဝတီမြစ်ကြီး အရင်အတိုင်း လှပနေတယ်လို့ ပါ ထည့်မက်ပေးပါ သူငယ်ချင်းရေ...

လင်းခေတ်ဒီနို said...

အေး မနက်ကျရင် ဟင်းကောင်းကောင်းနဲ့ ထမင်းဗူးထည့်ပြီး အလုပ်ကိုသွားရပါစေ ၊ ဒေါ်လာဈေးတွေ တက်နေပါစေ ၊

ငါ အဲလို မက်ခိုင်းလိုက်မယ်ဟာ . . .း)

noblemoe said...

အိပ်မက်ကောင်းတွေသာမှန်နေရင်ဘယ်လောက်ကောင်းမလဲနော်

ကောင်းတာတော့မှန်ချင်မကောင်းတာတော့မမှန်ချင်
အင်းဒါအတ္တနဲ့ကိုမကင်းနိုင်သေးဖူး ဟူးးးးးးးးး
ဘာဖြစ်ဖြစ်ကောင်းတာလေးတွေပဲဖြစ်ပါစေ....

ကိုယ်ရောစိတ်ပါကျမ်းမာရွှင်လန်းပြီး
သာယာချမ်းမြေ့ပါစေရှင်း
မိုး

Anonymous said...

အိမ်မက် အမက်လွန်ပြီး
အိပ်ယာထဲ ရူးပေါက် မချနဲ့အုံး .. :D

ခင်မင်လျှက်
ဆောင်းနှင်းရွက်

mstint said...

အိမ်မက်ဆိုတာ ခံစားချက်ရဲ့စေစားမှုဖြစ်သလို
All dreams come true ဆိုတဲ့အတိုင်း မိုးခါးရဲ့ အိမ်မက်လေးများ အကောင်အထည်ပေါ်လာပါစေနော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

nyisaynaing said...

မင်္ဂလာ.......မိုးခါး.......။
ဟုတ်ပါ့ဗျာ....ဒီလိုအိမ်မက်လှလှလေးကို ..ဘာဖြစ်လို့ မနက်ခင်းတခုမှာ ..မိုးခါး အတွက် ခိုမက်ခွင့် မပြုရတာလဲနော်.........။ နောက်တကြိမ်ကြရင် မနက်ခင်းအိမ်မက်တွေပဲ ဖြစ်ပါစေတော့...။

ခင်တဲ့
ညီစေနိင်..။

မဒမ်ကိုး said...

ကျမတို့ တိုင်းပြည်မှာ စစ်တွေ မရှိတော့ဘူး .. နိုင့်ထက်စီးနင်းမှုတွေ မရှိတော့ဘူး .. ဖိနှိပ်အနိုင်ကျင့်မှုတွေ မရှိတော့ဘူး .. မတရားမှုတွေ မရှိတော့ဘူး ..

အဲဒီတိုင်းပြည်လေး .. ကျမရဲ့ တိုင်းပြည်လေး .. ကျမရဲ့ အိပ်မက် တိုင်းပြည်လေးထဲမှာ .. ကျမရဲ့ မျှော်လင့်ချက် တိုင်းပြည်လေးထဲမှာ ..

ဒါလဲဖြစ်စေချင်တယ်
အပေါ်ကသရက်သီးသနပ်ပြောသလိုလဲ ဒေါ်လာဈေးတွေတက်ပါစေး)

Related Posts Plugin for WordPress, Blogger...