Wednesday, October 19, 2011

မေတ္တာပို့


ခု ရှယ်ထားတဲ့ မင်းကွန်းဆရာတော်ဘုရားကြီးရဲ့ အရပ် (၁၀)မျက်နှာ မေတ္တာပို့လေးကို တင်ချင်နေတာ ကြာပါပြီ .. အွန်လိုင်းမှာ လိုက်ရှာတော့လည်း မတွေ့ အဆင်မပြေတာနဲ့ မဖြစ်ဖြစ်အောင် အပ်လုတ် လုပ်ပြီး တင်လိုက်ရတာပါ .. တခုခု အဆင်မပြေတာများရှိရင်လည်း ခွင့်လွှတ်ပေးပါ .. :D

ခု တင်ထားတဲ့ မေတ္တာပို့ကို မိုးခါး ဆိုင်အလုပ် စလုပ်တည်းက ခုချိန်ထိ စွဲစွဲမြဲမြဲ သိမ်းထားပြီး မနက်တိုင်း လိုလိုဖွင့်ဖြစ်ပါတယ် .. ဆိုင်တုန်းကတော့ ဆိုင်ကို ရောက်ပြီဆိုတာနဲ့ ကွန်ပျူတာဖွင့်ပြီး ပရိတ်ကြီး (၁၁)သုတ်၊ ဓမ္မစင်္ကြာ၊ ပဌာန်း နဲ့ နောက်ဆုံးမှာတော့ အခု မေတ္တာပို့လေးကို ဖွင့်ပြီး မနက်ပိုင်းတရား အစီအစဉ် သိမ်းတတ်ပါတယ် .. စုစုပေါင်း ၃နာရီလောက် ကြာပါတယ် .. နောက်ပိုင်းကတော့ သီချင်း ကဏ္ဍပေါ့လေ .. :D ခု ဒီမှာတော့ မနက်ထတာနောက်ကျတာရော ဘာရော ညာရောနဲ့ ပရိတ်ကြီး ၁၁ သုတ်ကတော့ မဖွင့်ဖြစ်သလောက်ပါပဲ .. ဓမ္မစင်္ကြာနဲ့ မေတ္တာပို့ကို များသောအားဖြင့် ဖွင့်ဖြစ်တတ်ပါတယ် ..

အရင်တုန်းက မေတ္တာပို့ကို နာရတိုင်း ဆရာတော်ကြီး ရှေ့မှာပြောတဲ့ ကမ္ဘာကြီး မီးဟုန်းဟုန်းတောက်နေတယ် .. ဒါပေမယ့် မြန်မာပြည်က ကပ်ကြီးတွေနဲ့ လွတ်နေတယ် ဆိုတာကို ကြားရတိုင်း ဟုတ်တယ်ပေါ့ .. မြန်မာပြည်သူပြည်သားတွေက မေတ္တာတရားတွေ ကိန်းအောင်းကြတယ် .. စိတ်ကောင်း စေတနာကောင်းတွေ ရှိကြတယ် .. ဗြဟ္မာစိုရ်တရားတွေ ကိန်းနေကြတယ် .. ဒါကြောင့် ကပ်ဆိုးတွေကနေ လွတ်နေကြတယ်လို့ စိတ်ထဲမှတ်ထင်မိပါတယ် .. တကယ်လဲ ကိုယ်တိုင် အရွယ်တော်တော် ရောက်တဲ့အထိ မှတ်မိ သလောက် မြန်မာနိုင်ငံက သူများနိုင်ငံ စူနာမီဆိုလည်း လွတ် ငလျင်ဆိုလည်း လွတ် ဖြစ်ခဲ့ပါတယ် .. ခုအခြေအနေကိုများ မင်းကွန်းဆရာတော်ကြီး မြင်တွေ့ရင် ဘယ်လိုမျိုးများ ပြောမယ် မသိပါဘူး .. ကိုယ်တိုင် ဥာဏ်မှီသလောက် စဉ်းစားမိတော့လည်း လူတွေ လူတွေ စိတ်ဓါတ်တွေ ပျက်ပြားလာတာနဲ့ အမျှ ကြီးနိုင်ငယ်ညှင်း လုပ်လာကြတာနဲ့ အမျှ ကိုယ့်ဖို့ သမားတွေ များလာတာနဲ့ အမျှ သဘာဝ ပတ်ဝန်းကျင်တွေ ပျက်စီး .. အဲလိုပျက်စီးလာတာနဲ့အမျှ ရာသီဥတုတွေက ဖောက်ပြန် .. ဘေးအန္တရာယ်အမျိုးမျိုးကလည်း ခေါင်းစဉ်အမည်နာမ အမျိုးမျိုးနဲ့ ကြုံတွေ့နေကြရတော့တာပါပဲ ..

ဟိုးအရင်ကဆို ပစ္စည်း ဥစ္စာမပြည့်မစုံပေမယ့် လူတွေက ပျော်ကြတယ် .. စိတ်ချမ်းသာစွာ နေနိုင်တယ် .. ခု ခေတ်မှီပစ္စည်းတွေ ပိုမိုပြည့်စုံလာတဲ့အခါ အရင်ထက် ပိုပြီးတော့ ပျော်သင့်ကြပါတယ် .. ဒါပေမယ့် ရုပ်ဝတ္တုတွေ တိုးတက်သလောက် စိတ်ဓါတ်တွေ ဆုတ်ယုတ်လာတယ် .. ရုပ်ဝတ္တု ပိုင်ဆိုင်မှုတွေ ပြည့်စုံလာသလောက် အစစ်အမှန်တွေ ဆုံးရှုံးလာတယ် .. အကောင်းအဆိုးတွဲနေတာ မှန်ပေမယ့် အဆိုးနည်းရင်တော့ ကောင်းမှာပဲ ..း)

ခုတော့ အနိဌာရုံတွေ မြင်တိုင်း ကိုယ်တိုင်လဲ ဘာမှ မတတ်နိုင်တဲ့အဆုံး မေတ္တာပဲ မျက်စိစုံမှိတ် ပို့လိုက်ပါတော့တယ် .. ကိုယ်တတ်နိုင်တာဆိုလို့ ဒါပဲရှိတာကိုး ..း)

အဲဒီတော့ ခုလည်းပဲ ရေဘေး မီးဘေး ငလျင်ဘေး စတဲ့ သဘာဝဘေးအန္တရာယ်အမျိုးမျိုး နဲ့ ကြုံတွေ့နေရသူ ကမ္ဘာသူ ကမ္ဘာသားတွေကို မေတ္တာပို့ပြီး မေတ္တာတရား ခေါင်းပါးနေကြတဲ့ လူအချင်းချင်း ကိုယ်ချင်းစာရမယ်ဆိုတဲ့ စိတ် ပျောက်နေသူတွေအတွက် သတိတရားလေး ပြန်ကပ်လာအောင် တိုက်တွန်းနှိုးဆော်ချင်ပါတယ် ..

မေတ္တာတရားက အေးချမ်းလှပါတယ် .. ပူလောင်နေတဲ့ ကမ္ဘာကြီးကို ကိုယ်စီ မေတ္တာတရားတွေနဲ့ လန်းဆန်း အေးမြလာစေဖို့ ၀ိုင်းဝန်းကုစားကြရအောင်ပါ ..

Friday, October 14, 2011

စိတ်ဒဏ်ရာ

"သားကြီးရေ .. သားကြီး .. မီရေ သားကြီး ဘယ်ရောက်နေတာလဲကွာ .. ခေါ်လိုက်ပါဦး .. ကိုယ်သွားရမယ့် အချိန် နီးနေပြီ .."

"ကို့သားကြီး ခုနကတော့ ခြံထဲတွေ့တာပဲ .. ခဏလေး မီသွားကြည့်လိုက်ဦးမယ် .."

"ဝါးးးးး .."

"အမလေး သားရေ လန့်သွားတာပဲ .. ဘယ်တွေသွားနေတာတုန်း .."

"သား ကျောင်းဝန်းထဲက ဇီဇ၀ါပန်း သွားခူးနေတာ မေမေ .. ဖေဖေ့ဖို့ .. ရော့ ဖေဖေ .. ပြန်လာရင် သားဖို့ မုန့်နဲ့ အရုပ် ၀ယ်ခဲ့နော် .."

"ဟား .. ဟုတ်ပါပြီဗျာ .. ငါ့သားက ဘာအရုပ် လိုချင်တုန်း .."

"လေယာဉ်ပျံ .. ဖေဖေ ခုမောင်းမယ့် လေယာဉ်ကြီး သားလိုချင်တာ .."

"အမလေး အဖေတူသား .. ဟွန်း .." မေမေက ခပ်ပြုံးပြုံးနဲ့ သားအဖနှစ်ယောက်ကို မျက်စောင်းထိုးတယ် ..

"ဒါမှ ငါ့သားကွ .. သား ဖေဖေ့လို လေယာဉ်ပျံကြီး မောင်းချင်ရင် စာကို ကြိုးစားရမယ်နော် .. မေမေ့ကိုလည်း ဂရုစိုက် .. ညီလေးကိုလည်း ကူထိန်းပေးနော် .."

"ဟုတ် .."

"လိမ္မာလိုက်တဲ့ ငါ့သားကြီး .. ဖေဖေကြီးကို မွှေးမွှေးပေးပါဦး .."

ကျနော် စိတ်လိုလက်ရ မွှေးမွှေးပေးလိုက်တော့ ဖေဖေ့မျက်နှာ ပြုံးလို့ .. မေမေ့ကလည်း ပျော်လို့ .. ကျနော့်ညီလေးကတော့ ပုခက်ထဲမှာ အိပ်မောကျနေလေရဲ့ ..

"ကဲ .. ကိုသွားတော့မယ် .. အစစ ဂရုစိုက်နော် မီ .."

"ဟုတ်ကဲ့ပါ ကို .. စိတ်ချပါ .."

အဲဒီအချိန် မေမေ့မျက်နှာမှာ စိုးရိမ်စိတ်တချို့ ယှက်သန်းနေတာ ကျနော် ဂရုပြုမိပါတယ် .. ကျနော်လည်း ဖေဖေ့ကို စိတ်ပူတယ်လေ .. သားလည်း ဖေဖေနဲ့ လိုက်ချင်တယ်လို့ ပြောချင်တယ် .. ဒါပေမယ့် ကျနော်လိုက်ခွင့် မရှိမှန်းလည်း သိနေပါတယ် .. ဒါပေမယ့် ဖေဖေမောင်းတဲ့ လေယာဉ်ပျံကြီး ကျနော် အရမ်းစီးချင်တယ် ..

----------

ကျနော် အခု ကောင်းကင်ပေါ်က တိမ်တွေကို အနီးကပ်မြင်နေရတယ် .. လေယာဉ်ပေါ်မှာ ဖေဖေရယ် မေမေရယ် ကျနော်ရယ် .. ဖေဖေ့လေယာဉ်ကြီးက တိမ်တွေကို ၀င်တိုက်လိုက် .. တိမ်တွေက လေယာဉ်ကို ၀င်တိုက်လိုက်နဲ့ .. တိမ်တွေကို အနီးကပ်မြင်ရတာ အရမ်းစိတ်လှုပ်ရှားဖို့ ကောင်းတယ် .. လေယာဉ်ပျံပေါ်ကနေ ဟိုးမြေပြင်ကို လှမ်းကြည့်ရင် အားလုံးက ပိစိကွေးလေးတွေ .. ကျနော် အရမ်းပျော်နေတယ် .. ဖေဖေရယ် မေမေရယ် ကျနော်ရယ် ..

ရုတ်တရက် ဖေဖေ ကျနော့်ကို ကြည့်တယ် .. ပြီးတော့ ဖေဖေ့မျက်လုံးတွေမှာ မျက်ရည်တွေလား .. ကျနော့်ခေါင်းကို တချက် သပ်တယ် .. ပြီးတော့ ..

"သား မေမေ့ကို ဂရုစိုက်နော် မေမေ့စကားနားထောင်ပြီး ညီလေးကိုလည်း ကူထိန်းပေးနော် .. ဖေဖေစိတ်ချမယ်နော်သား .. စာကိုလည်း ကြိုးစား .."

"ဟုတ် ဖေဖေ .."

ပြီးတော့ ဖေဖေ ခလုတ်တခုနှိပ်လိုက်တယ် .. ခလုတ်နှိပ်လိုက်တာနဲ့ ကျနော်တို့ စီးနေတဲ့ လေယာဉ်ကြီး နှစ်ခြမ်းကွဲသွားတယ် ..

"ဖေဖေ .. ဖေဖေ .. သားတို့ကို မခွဲသွားပါနဲ့ .. ဖေဖေ .. ဖေဖေ ......."

ဖေဖေ ကျနော့်ကို ကြည့်နေတယ် .. မျက်ဝန်းမှာ မျက်ရည်တွေလား .. နှုတ်ခမ်းတွေက  တခုခုပြောချင်နေတာလား ..

"ဖေဖေ သားကို ပြန်လာခေါ်ပါ .. ဖေဖေ ......... ဖေဖေ ........."

ဝုန်း ............

"ဖေဖေ .. ဖေဖေ .. ဖေဖေ ......"

ကျနော့မျက်စိရှေ့မှာ ဖေဖေရှိနေတဲ့ လေယာဉ်က တစစီ ပေါက်ကွဲထွက်သွားတယ် .. ကျနော် ဖေဖေ့ကို တစာစာအော်ခေါ်ရင်း မျက်ရည်တွေ ထိန်းမနိုင်သိမ်းမရ ကျလာတယ် .. ကျနော် အသက်ရှုကျပ်လာတယ် .. ကျနော့်ရင်ဘတ်ကို တယောက်ယောက်ဖိထားတယ် ..

"အား ......"

တဆတ်ဆတ်တုန်နေတဲ့ ရင်နဲ့ ကျနော့်တကိုယ်လုံး ချွေးတွေ ရွဲနစ်ပြီး နိုးထလာခဲ့တယ် ....

ဖေဖေ့ရဲ့ နောက်ဆုံးမှာစကားကို နားမှာကြားနေရင်း .. မျက်ရည်တွေ သွင်သွင်ကျရင်း ကျနော့်နှုတ်ခမ်းက စကားလုံးတခု ထွက်ကျလာခဲ့တယ် .. "ဖေဖေ .."

ခုလိုမောဟိုက်ပြီး နိုးထလာတဲ့ မနက်ခင်းပေါင်းများစွာကို ကျနော် အလွန်မုန်းတီးလှပါတယ် .. ဖေဖေဆုံးပါးပြီးနောက်ပိုင်း ကျနော့အခု အသက် ၂၀အထိ ခုလို ဆိုးဝါးလှတဲ့ အိပ်မက်ဆိုးပေါင်းများစွာကို ပိုင်ဆိုင်ခဲ့တယ် .. နောက်ဆုံးမှာ ဖေဖေက တနည်းနည်းနဲ့ ပျောက်ကွယ်သွားခဲ့တယ် .. နောက်ဆုံးတော့ ကျနော်တို့ပဲ ကျန်ခဲ့တယ် ဖေဖေ ..

ခုတင်ဘေး ခုံပေါ်က ကျနော့ဒိုင်ယာယီလေးကို ဆွဲယူလိုက်တယ် .. ပြီးတော့ ကျနော် စာကြောင်းတွေ ချရေးလိုက်တယ် ..

ဖေဖေ

ဖေဖေခု ဟိုး ကောင်းကင်ပေါ်မှာလားဟင် .. သားတို့ကို မေ့နေပြီပေါ့နော် .. ဒါမှမဟုတ် ဖေဖေသားတို့ကို သတိရနေတုန်းလား .. ပြီးတော့ ဖေဖေတယောက်တည်းဆို ပျင်းနေမှာပဲနော် .. ဖေဖေ့ကို သနားလိုက်တာ .. ဖေဖေ တယောက်တည်းဆိုလည်း မကြောက်နဲ့နော် .. သား ခု ဆေးဖော်နေတယ် .. အဲဒီဆေးအောင်ရင် သား ဖေဖေဆီ လာတွေ့မယ် .. အဲဒီအခါကျ သားကို ဖေဖေမောင်းတဲ့လေယာဉ်ကြီး ပေးစီးပါနော် ..

ဖေဖေ့ကို အရမ်းချစ်တယ် .. အရမ်းလည်း သတိရတယ် .. ဖေဖေနေကောင်းပါစေ ..

ဒိုင်ယာရီစာအုပ်ကို ပိတ်လိုက်ပြီး နေရာတကျ ပြန်ထားလိုက်တယ် .. ပြီးတော့ ကုတင်အောက်မှာ ဖွက်ထားတဲ့ ဂမ္ဘီယစာအုပ်တအုပ်ကို ယူပြီး ဖတ်လက်စ စာကို ဆက်ဖတ်နေလိုက်တယ် .. ပြီးတော့ ကျနော့မှတ်စုစာအုပ်တအုပ်ကို ယူပြီး ဆေးနည်းတွေ လိုက်မှတ်လိုက်တယ် .. ကျနော့် စာအုပ်ထဲမှာ ဆေးနည်း ပုတီးစိပ်နည်း ဖိုထိုးနည်း အစုံပဲ ရှိတယ် .. ကျနော်ရဲ့ ဆေးအောင်ရင် ကျနော့ ဖေဖေကို ခဏဖြစ်ဖြစ် တွေ့ရမယ် .. အတွေးထဲမှာတင် ကျနော် တက်ကြွလာတယ် .. ဒါပေမယ့် ဆေးဖော်ဖို့က ပစ္စည်းတွေလည်း အများကြီးလိုသေးတယ် .. မေမေမသိအောင်လည်း လုပ်ရသေးတယ် ..

မေမေ .. မေမေနဲ့ မတွေ့တာတောင် ကြာနေခဲ့ပြီ .. မေမေ အဆင်မှပြေရဲ့လား .. မေမေ့ကို သတိရတာနဲ့ မေမေ့ဘေးက အရက်သမားလူကြီးကိုပါ မြင်ယောင်လာခဲ့တယ် .. ဒီလူကြီး မေမေ့ကို နှိပ်စက်နေသေးလား .. မေမေ့ကိုလည်း သနားလိုက်တာ .. မေမေ့ဆီ သား အမြန်ပြန်လာမှာပါ .. ဒီကလူတွေ မသိအောင် သားထွက်လာခဲ့မယ် .. သား ဒီက လွတ်တာနဲ့ မေမေ့ကို လာခေါ်မယ် .. ပြီးရင် ဖေဖေရှိတဲ့နေရာကို သားရယ် မေမေရယ် ညီလေးရယ် လိုက်သွားမယ် .. မေမေ စိတ်မပူနဲ့နော် ..

ကျနော့ ပစ္စည်းတွေကို အနားမှာရှိတဲ့ အိတ်တခုတည်း စုပြုံထည့်လိုက်တယ် .. တံခါးပေါက်ကို သွားချောင်းကြည့်တော့ အစောင့်တွေ ဟိုဘက်ဒီဘက်လျှောက်နေတယ် ..

ကလင် .. ကလင် ..

ဘဲလ်သံနဲ့ အတူ ကျနော့ အခန်းတံခါးပွင့်သွားတယ် .. ကြည့်လိုက်တော့ လက်ထဲမှာ ဗန်းကို ကိုင်ရင်း လူတယောက်ဝင်လာတယ် .. ပြီးတော့ အသံချိုချိုနဲ့ ..

"သားရေ .. ဆေးသောက်ချိန်ရောက်ပြီ .. အိုး သားက လက်ထဲမှာ အိတ်ကြီးနဲ့ ဘယ်သွားမလို့လဲ .. အန်တီကို ပြောလေ .. အန်တီလည်း လိုက်ချင်တာပေါ့ .."

ကျနော် မသင်္ကာစွာနဲ့ ကြည့်ရင်း ..

"အန်တီက တကယ်လိုက်ချင်လို့လား .. သားက ဖေဖေမောင်းတဲ့ လေယာဉ်ကြီး သွားစီးမှာ .. မေမေနဲ့ ညီလေးကိုလည်း သွားခေါ်ရဦးမယ် .. အန်တီလိုက်ချင်ရင် မေမေ့ကို အရင်မေးပေးမယ် .. မေမေက လိုက်ဆို အန်တီလိုက်ခဲ့လေ .."

"တကယ်နော် သား .. ဒါဆို သားက ခရီးထွက်မှာပေါ့ .. ခရီးထွက်မယ်ဆို သားအားရှိဖို့ လိုတယ်သားရဲ့ .. ဗိုက်မဆာဘူးလား .. ဒီမှာ အန်တီ ထမင်းနဲ့ဟင်း ယူလာတယ် .. ပြီးရင် အားရှိအောင် ဒီဆေးလေးသောက် .. သား အားရှိပြီဆို အန်တီတို့ တူတူ သွားမယ် .. ဟုတ်ပြီလား .."

"ဟုတ် .."

ကျနော် ပျော်သွားတယ် .. ထမင်းနဲ့ဟင်းကို အားရပါးရစားပြီး ဆေးတွေလည်း ကျနော် သောက်လိုက်တယ် .. အန်တီကို ကြည့်လိုက်တော့ အန်တီမျက်ဝန်းတွေက မေမေ့လိုပဲ ကြင်နာမှုတွေနဲ့ ပြည့်နေတယ် ..

"စားကောင်းလား သား .. စားပြီးရင် ခဏအိပ်လိုက်ဦးနော် .. နောက် နဲနဲကြာရင် အန်တီ ထပ်လာခဲ့မယ် .. ဟုတ်လား .."

"ဟုတ် .."

ကျနော် ပြောရင်း အိပ်ရာပေါ်လှဲလိုက်တယ် .. လှဲနေရင်းပဲ ကျနော် ငြိမ်းငြိမ်းချမ်းချမ်း အိပ်ပျော်သွားခဲ့တယ် .. အန်တီက ပစ္စည်းတွေသိမ်းပြီး ထွက်သွားတဲ့ ခြေသံကို မပီမပြင် ကြားနေရတယ် .. ပြီးတော့ တံခါးပိတ်သံ တိုးတိုး ..

----------

ကျမ တာဝန်ကျနေတဲ့ စိတ်ရောဂါကု ဆေးရုံမှာ သနားစရာ ကောင်းတဲ့ ကလေးတယောက်ရှိနေတယ် .. သူသိပ်လေးစား ချင်ခင်ရတဲ့ ဖခင်ဟာ တိုက်လေယာဉ်မောင်းတဲ့ ဗိုလ်ကြီးတယောက်ဖြစ်တယ် .. သူမူလတန်းအရွယ်မှာပဲ သူ့ရဲ့ ဖခင်ဟာ ဒဏ်ရာရ ရဲဘော်တွေကို သွားကယ်ဖို့ လေယာဉ်နဲ့ ထွက်လာရင်း တဖက်က ရန်သူတွေရဲ့ ပစ်ခတ်မှုကြောင့် ကျဆုံးသွားခဲ့တယ် .. ကလေးဟာ အဲဒီအချိန်တည်းက ဖခင်ပြန်အလာကို မျှော်လင့်ရင်း စောင့်စားနေခဲ့တယ် .. အိမ်ထောင်ရေး ကံမကောင်းတဲ့ မုဆိုးမ မိခင်ရဲ့ နောက်အိမ်ထောင်ကလည်း အဆင်မပြေဖြစ်ခဲ့တယ် .. စိတ်ဒဏ်ရာတွေနဲ့ ကလေးဟာ တဖြည်းဖြည်းကြီးပြင်းလာရင်း တက္ကသိုလ် ၀င်တန်းကို အောင်မြင်ခဲ့တယ် .. သူအဖြစ်ချင်ဆုံးကတော့ စစ်ဗိုလ်ကြီးတယောက်အဖြစ်ပဲ .. ကံဝဋ်ကြွေးကြောင့် ကံမကောင်းခဲ့သူကလေးဟာ ဗိုလ်ဝင်ခွင့်မှာလည်း ကျဆုံးခဲ့တယ် .. သူ့ရဲ့ မျှော်လင့်ချက်အိပ်မက်တွေ အားလုံးပြိုပျက်သွားချိန်မှာတော့ ..

သူလေးရဲ့ စိတ်တွေ အမြန်ဆုံး ပုံမှန်ဖြစ်လာဖို့ ကျမတို့ ကြိုးစားနေခဲ့တယ် .. ကလေးရယ် .. အမြန်ဆုံး ငြိမ်းချမ်းမှု တွေ့ပါစေကွယ် ..

Friday, October 7, 2011

ဟိုရောက် ဒီရောက် (၇)

တရက် .. ကျမတို့ ကုမ္ပဏီကနေ NTU က Fair တခုမှာ ဝင်ရောက်ပြသဖို့ ဖြစ်လာပါတယ် .. အဲဒီပွဲလုပ်မယ့်ရက် မတိုင်ခင်မှာ ကိုယ့်ရဲ့ နေရာထိုင်ခင်းကို ပြင်ဆင်ဖို့ တခြားလူတွေနဲ့ အတူ NTU ကျောင်းကို ရောက်ခဲ့ပါတယ် .. ရုံးမှာ အချိန်ပိုင်း လာလာလုပ်တဲ့ ကောင်လေးက အခု NTU မှာ ကျောင်းဆက်တက်နေပါတယ် .. သူကလဲ Fair ပွဲအတွက် လာကူရင်း အပြန်မှာ သူနေတဲ့အဆောင်ကို သူဌေးရဲ့ ညီက လိုက်ကြည့်မယ်ဖြစ်တာနဲ့ ကိုယ်လဲ ကန့်လန့် ကန့်လန့် ပါသွားတယ် ဆိုပါတော့ ..

အစကတော့ အပေါ်ထိလိုက်တက်ကြည့်မယ် စိတ်မကူးပါဘူး .. ယောင်္ကျားလေးဆောင်လဲ ဖြစ်နေတာကိုး .. ဒါပေမယ့် မိန်းကလေးတက်လို့ရတယ် ဘာညာပြောတာနဲ့ ကားထဲ ထိုင်စောင့်ရမယ့် အတူတူ မထူးပါဘူးဆိုပြီး ပါသွားပြန်ပါတယ် .. မသွားခင်မှာ ရုံးကလူတွေကလည်း ညွှန်းတာကိုး .. အဲ့ကောင်လေးနေတဲ့အခန်းက ကွန်ဒိုလိုပဲ ဘာညာဆိုတော့ စလုံးက အဆောင်ခန်းတွေ ဘယ်လိုနေတယ်ဆိုတာ စပ်စုချင်စိတ်ကလည်း ပေါက်လာတယ်လေ ..

ကျောင်းသား/သူတွေအတွက် သေသေချာချာ စနစ်တကျ သပ်သပ်ရပ်ရပ် ရှိလှပါတယ် .. ကျောင်းသား ကျောင်းသူ အဆောင်တွေက ကပ်ရပ်ပါ .. ခွဲထားခြားထားတာတွေလည်း မရှိပါဘူး .. ကိုယ်ကတော့ ထင်တာပေါ့ .. ယောင်္ကျားလေးဆောင်ဆို မိန်းကလေး ၀င်လို့ မရလောက်ဘူးလို့ .. ဒါပေမယ့် ရတယ်လို့ ပြောပါတယ် ..

အဆောင်ရှိရာ အခန်းကို သွားချင်ရင် ကိုယ်ပိုင်ကဒ်လေးနဲ့ ဖြတ်ပြီး ၀င်ရပါတယ် .. အဆောင်က ၂ယောက် တခန်းပါ .. တော်တော်လေးကျယ်ဝန်းပါတယ် .. အိပ်ရာ ၂ခုကြားထဲမှာ အကာထားထားပြီး စာကြည့်စားပွဲ ဗီဒို စတာတွေနဲ့ ၂ယောက် လွတ်လွတ်လပ်လပ် နေနိုင်ပါတယ် .. ယောင်္ကျားလေးအခန်းဆိုတော့ ဓါတ်ပုံရိုက် မှတ်တမ်း မတင်ခဲ့တော့ပါဘူး .. :D အခန်း ၀င်ဝင်ချင်း အပြင်မှာ ဖိနပ်ထားဖို့ စင်က နံရံကပ်ပြီး ရိုက်ထားပြီးသားပါ .. အဲကွန်းလဲ ပါပြီးသားပါ .. ဒါကြောင့် ကွန်ဒိုလို့ ပြောတာထင်ပါရဲ့ .. ;) အခန်းခက ၃၀၀ အပြီးအစီးလို့ ပြောပါတယ် .. နိုင်ငံတော်ရဲ့ စေတနာပေါ့လေ .. :D

 ကျောင်းသား တွေအတွက် တီဗီထားထားတဲ့ အခန်းကျယ်၊ စားစရာသောက်စရာ လုပ်စားနိုင်ဖို့ မီးဖိုခန်း၊ အဆောင်ရဲ့ အနီးမှာတော့ Food Court ရှိပါတယ် .. အဆောင်က ၆ထပ်ဆောင်ပါ ..

 နားနေဆောင်
  ယောင်္ကျားလေးဆောင် မိန်းကလေးဆောင် ကူးတဲ့ တံတား
မီးဖိုချောင်
ကျောင်းသား/သူများ နေထိုင်ရာ အဆောင်
ကျောင်းသား/သူများ နေထိုင်ရာ အဆောင်(တဖက်ခြမ်း)
 အဆောင်မျက်နှာစာ
အဆောင်အနီးမှ Food Court 

အဲဒီအဆောင်နဲ့ ကျောင်းကို ရောက်သွားတဲ့အချိန်မှာ ကျမစိတ်ထဲ ဖြစ်မိတာက ငါတို့ နိုင်ငံက ကျောင်းတွေ အဆောင်တွေသာ အဲလို သန့်သန့်ရှင်းရှင်းနဲ့ စနစ်တကျရှိရင် သိပ်ကောင်းမှာပါပဲ ပေါ့ .. ဖြစ်လာမှာပေါ့လေ တချိန်ချိန်ပေါ့ ..း)

ခေတ်မှီဖွင့်ဖြိုးတိုးတက်တဲ့ နိုင်ငံတော်သစ်ကို ချီတက်နေပြီပဲ .. ;)
Related Posts Plugin for WordPress, Blogger...